မွန်ဂိုလီးယား ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီ သောင်ပြိုကမ်းပြို အနိုင်ရရှိ

၂၅ ဇွန်

 

 

မွန်ဂိုလီးယားနိုင်ငံရဲ့ လွှတ်တော်အတွက် ရွေးကောက်ပွဲကို မနေ့က ကျင်းပခဲ့ရာ လက်ရှိအာဏာရ ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိကြောင်း မဲအားလုံးနီးပါး ရေတွက်အပြီး ဒီနေ့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ထိန်းချုပ်ရန်အတွက် နိုင်ငံ့နယ်စပ်ဂိတ်တွေကို ပိတ်ထားစဉ်မှာ နိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်အောင် လုပ်ဆောင်ရေးမှာ လက်ရှိအာဏာရပါတီ Mongolian People's Party (MPP) ရဲ့ လက်ရှိဝန်ကြီးချုပ် ရင်ဆိုင်မယ့် အခက်အခဲ ဖြစ်ပါတယ်။

 

 

တရုတ်နဲ့ ရုရှားနိုင်ငံတွေကြားက လူဦးရေ သုံးသန်းနေထိုင်တဲ့ မွန်ဂိုလီယားနိုင်ငံရဲ့ လွှတ်တော်မှာ ကိုယ်စားဦးရေ ၇၆ နေရာမှာ MPP က ၆၃ နေရာရရှိခဲ့ကြောင်း ဒီနေ့(ကြာသပတေးနေ့) ထုတ်ပြန် ကြေညာချက်အရ သိရပါတယ်။ ပြီးတဲ့အကြိမ် ရွေးကောက်ပွဲ ရလဒ်ထက် လွှတ်တော်ကိုယ်စားလှယ် နေရာ နှစ်နေရာ လျော့ရခဲ့တာလို့ သိရပါတယ်။

 

 

ဆန္ဒမဲရဲ့ ၉၉ ရာခိုင်နှုန်း ရေတွက်အပြီးမှာ အတိုက်အခံပါတီ Democratic Party က လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၀ နေရာရရှိကြာင်း၊ လွှတ်တော်ရဲ့ ကျန်နေရာတွေကို တသီးပုဂ္ဂလနဲ့ တတိယပါတီမှ ကိုယ်စားတွေ ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။

 

 

ရွေးကောက်ပွဲ ကော်မရှင်က ရလဒ်အားလုံးကို ဒီနေ့ ညနေပိုင်းမှာ အတည်ပြု ကြေညာသွားမယ်လို့  သိရပါတယ်။

 

 

မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်း ၁၂၁ ဦး အပါအဝင် ကိုယ်စားလှယ်လောင်း ၆၀၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP