မင်းဘူးမြို့တွင် မြက်တံမြက်စည်း ပြုလုပ်ရောင်းချသူများ အဆင်ပြေ

မင်းဘူး ဩဂုတ် ၁၄

မကွေးတိုင်းဒသကြီး၊ မင်းဘူးမြို့ ချမ်းသာကြီးရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် မြက်တံမြက်စည်း ပြုလုပ်၍ ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူး ရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

အဆိုပါ တံမြက်စည်း ပြုလုပ်သည့် မြက်ပင်များမှာ အမ်း၊ ဂုတ်ကြီး စသော တောင်ပေါ်ဒေသများတွင် အများဆုံး ပေါက်ရောက်၍ ကြူပင်နှင့် အလားသဏ္ဌာန်တူသော အရွက်ရှည် မြစ်ပွားအပင်မျိုးဖြစ်ကာ မြေအစိုဓာတ်ရှိပြီး ခြောက်သွေ့သော ရာသီကို ကြိုက်သောကြောင့် ဆောင်းရာသီတွင် အပေါက်များသည်။ အပင်၏ အမြင့်မှာ (၅) ပေမှ (၆) ပေအထိ ရှည်၍ မြက်ထုံးတစ်ထုံးလျှင် ၉၀၀၀ ကျပ်ဖြင့် ဝယ်ယူပြုလုပ်ကြရသည်။

တံမြက်စည်း ပြုလုပ်သူများသည် ဝယ်ယူထာသော မြက်ပင်အစိုများကို ကွင်းပြင်တွင် (၅) ရက်ကျော် (၆) ရက်ခန့် နေပူလှန်း၍ ရရှိလာသော မြက်ပင်ခြောက်များအား တံမြက်စည်းပြုလုပ်ကာ အတိုတစ်ချောင်းလျှင် ၁၅၀၀ ကျပ်၊ အရှည် တစ်ချောင်းလျှင် ၂၀၀၀ ကျပ် နှုန်းဖြင့် ဒေသတွင်းရှိ ကုန်စုံဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များအား လက်လီ/လက်ကား ရောင်းချရကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရာတွင် အရောင်းသွက်သော နွေရာသီနှင့် ဆောင်းရာသီ ကာလများတွင် တစ်နေ့လျှင် မြက်တံမြက်စည်း အချောင်းရေ ၈၀၀/၁၀၀၀ ပြုလုပ်၍ အရောင်းအဝယ်အေးသော မိုးတွင်းကာလများတွင် အချောင်းရေ ၃၀၀/၄၀၀ သာပြုလုပ်၍ ရောင်းချကြကြောင်း မင်းဘူးမြို့ ချမ်းသာကြီးရပ်ကွက်မှ မြက်တံမြက်စည်း ပြုလုပ်ရောင်းချသူ ကိုမင်းသူက ပြောပြသည်။

ဇေယျာထက်(မင်းဘူး)