မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး ရေစုကန်များရှိ နုန်းများဆယ်ယူရှင်းလင်းရေး ဆောင်ရွက်နေမှု တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး

မင်းဘူး ၂၄ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး  မင်းဘူး(စကု)မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာ ရုံးများသို့ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာဖြန့်ဝေပေးနိုင်ရေးအတွက် မြစ်ရေတင်ရေစက်ရုံမှ ဖြန့်ဝေပေးလျက်ရှိသည့် ရေစုကန်များရှိ နုန်းမြေများ ဆယ်ယူရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ မင်းဘူးခရိုင်အုပ်ချုပ် ရေးမှူး ဦးစန်းဌေးနှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ မြစ်ရေတင်ရေစက်ရုံမှ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော ရေစုကန်များရှိ နုန်းမြေများ ဆယ်ယူရှင်းလင်းဆောင်ရွက်နေမှုများ၊ ကျောက်တန်းရေစက်ရုံရှိ ရေစိမ့်တွင်းများ၊ တာဘိုင်ရေစက်ရုံရှိ အဝီစိတွင်းများ၊ မြစ်ရေတင်ရေပေးလုပ်ငန်းများမှ အောင်မြေရေလှောင်ကန်၊ လိပ်တောင် ရေလှောင်ကန်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းနိုင်က ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာရုံးများတွင် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ရေဖြန့်ဝေ ဆောင်ရွက်ပေး နေမှုများနှင့် ပက်သက်ပြီး ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် တာဝန်ရှိသူများက ရေစက်ရုံများတွင် မီးဘေးအန္တရာယ် ဂရုပြုဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

မင်းဘူးမြို့တွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိပြီး အိမ်ခြေပေါင်း ၄၇၂၅ အိမ်၊ လူဦးရေပေါင်း ၂၄၄၅၄ ဦးရှိပြီး အိမ်သွယ်ရေတိုင် စုစုပေါင်း ၃၇၅၄ တိုင် သွယ်တန်းဆောင်ရွက်၍ သောက်သုံးရေရယူသုံးစွဲလျက်ရှိကြောင်း သိရကာ တစ်နေ့လျှင် ရေဂါလန် (၆ ဒသမ ၈)သိန်းခန့် နေ့စဉ်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ သောက်သုံးရေများ ဖြန့်ဝေပေးရာ၌ အဓိက ရေအရင်းအမြစ်များဖြစ်သော ကျောက်တန်းရေစက်ရုံတွင် ရေစိမ့်တွင်း(၃)တွင်း၊ တာဘိုင်ရေစက်ရုံ တွင် အဝီစိတွင်း(၄)တွင်း၊ မြစ်ရေတင်ရေပေးရေးလုပ်ငန်းမှ အောင်မြေရေလှောင်ကန်၊ လိပ်တောင်ရေလှောင်ကန်များမှ မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရုံးများသို့ တိုက်ရိုက်စနစ်ဖြင့် လည်းကောင်း၊ ရေလှောင်ကန်များမှ ရေစု၍ ဖြန့်ဝေခြင်း စနစ်ဖြင့် လည်းကောင်း ဖြန့်ဖြူးပေးဝေလျက်ရှိကြောင်းနှင့် တစ်မြို့လုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုရာနှုန်းပြည့် ဖြန့်ဝေပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)