မင်းဘူး ဧပြီ ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌  နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးတို့အတွက် ၂၀၂၂ ခုနှစ် မိုးနှင့်ဆောင်း စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို ဧကပေါင်း (၄၃၀၀၀)ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာတို့ကို အဓိက အားထားစိုက်ပျိုးကြပြီး စိုက်ပျိုးစရိတ်ကုန်မှုနည်းပါးသော နေကြာသီး နှံကို စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး၊ ပြည်တွင်းစားသုံးဆီဖူလုံစေရေး၊ ပြည်ပစားသုံးဆီ တင်သွင်းရောင်းချမှု/သုံးစွဲမှု လျော့ချစေရေး၊  စိုက်ပျိုးတောင်သူများ တစ်ဧက အထွက်းနှုန်းတိုးတက် ကောင်းမွန်စေရေး၊ မျိုးကောင်းမျိုးသန့်များ စနစ်တကျ စိစစ်ရွေးချယ် စိုက်ပျိုးနိုင်စေရေးနှင့် တောင်သူ တစ်ဦးချင်းအလိုက် ဝင်ငွေတိုးတက်စေရေး တို့အတွက် ၂၀၂၂ ခုနှစ်၊ မိုးနှင့်ဆောင်း စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို ဧကပေါင်း လေးသောင်းကျော် တိုးချဲ့စိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ ယခုနှစ် မိုးရာသီတွင် နေကြာသီးနှံကို သီးညှပ်စိုက်ပျိုးမည့် တောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဧကလျှင် တစ်ပြည်နှုန်းဖြင့် မျိုးစေ့များ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးနှင့်ဆောင်း စိုက်ပျိုးရာသီတွင် နေကြာသီးနှံကို ဧက ပေါင်း (၁၂၂၄၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် မိုးရာသီတွင် (၁၀၀၆၄)ဧကနှင့် ဆောင်းရာသီတွင် (၃၃၅၀၄)ဧက စုစုပေါင်း (၄၃၅၆၈)ဧကအထိ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင် (မင်းဘူး)