မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စိန်ခြည်လင်း သတ္တုတွင်း တူးဖော်ရေး လုပ်ငန်းတွင် လူတစ်ဦးပြုတ်ကျသေဆုံး

မင်းဘူး    ၁၈   မေ 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူး-အမ်းလမ်း၊မိုင်တိုင်အမှတ် (၂၇)ရှိ  စိန်ခြည်လင်း သတ္တုတွင်း တူးဖော်ရေးလုပ်ငန်းတွင် မေလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က လူတစ်ဦး ပြုတ်ကျသေဆုံးကြောင်း စကုနယ်မြေရဲစခန်းမှ သိရသည်။

 

 ဖြစ်စဉ်မှာ သေဆုံးသူ ဦးစိုးလှိုင်၊ ၃၅ နှစ် သည် စိန်ခြည်လင်း သတ္တုတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အတွင်းရှိ ကုမ္ပဏီမှ ပိတ်ပင်ထားသော တွင်းအနက် ၁၈ ပေခန့်တွင်ရှိသော အောက်ဆီဂျင်ပေးသည့် ကွန်ကျူးပိုက် အဟောင်းအား ဆင်းယူစဉ် ခြေချော်ပြုတ်ကျရာမှ တွင်းအနက် ၅၀ ပေခန့် အတွင်းသို့ ကျရောက်ပြီး  ဒဏ်ရာများ ရရှိကာ သေဆုံးသွားခြင်းဖြစ်သည်။

 

အခင်းဖြစ်ပွားရာနေရာသို့ စကုနယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းဟန်မိုး၊ ရဲတပ်ကြပ် သန်းလင်းထိုက်၊ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူအလောင်းအား စကုပြည်သူ့ဆေးရုံကြီးသို့ ရင်ခွဲစစ်ဆေးရန်ပို့ဆောင်ထားကြောင်းနှင့် သေဆုံးသူနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း စကုနယ်မြေရဲစခန်းမှ သိရသည်။

 

မျိုးမြတ်(မင်းဘူး)