မနောရမ္မာ ရွှေကျောင်းတော်

မောင်သာ(ရှေးဟောင်းသုတေသန)

က္ဘာမြေပေါ်ရှိ လူသားမျိုးနွယ်များ၏ ဖြစ်တည်မှု အစောဆုံးဖြစ်သည့် လွန်ခဲ့သော နှစ်သန်း ၄၀ က ပရိုင်းမိတ်ရုပ်ကြွင်း အစိတ်အပိုင်းများကို မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း တွေ့ရှိခဲ့ရာမှ “လူသားမျိုးနွယ်အစမြန်မာက” ဟု ထင်ရှားခဲ့သည်။ မြိုင်မြို့၏ ဧရိယာသည် ၁ ဒသမ၄၅ စတုရန်းမိုင်နှင့် မြို့နယ်ဧရိယာသည် ၇၈၅ ဒသမ ၅၅၁ စတုရန်းမိုင်သာ ကျယ်ဝန်းသော်လည်း မြိုင်မြို့နယ်အတွင်း၌ သမိုင်းအမွေအနှစ် အထောက်အထားများသည် ယနေ့တိုင်ကျန်ရှိနေပေသည်။

 

မြိုင်မြို့၏ နောက်ခံ

ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ပုဂံဘုရင် အလောင်းစည်သူသည် ယခု မြိုင်မြို့နေရာသို့ တိုင်းခန်း လှည့်လည် ရောက်ရှိခဲ့စဉ် ကောင်းကင်ထက်၌ ရွှေမြင်းရုပ်သဏ္ဌာန်ပေါ်နေသည်ကို မြင်တွေ့ခဲ့သည်ဟု ဆိုသည်။ အလောင်းစည်သူမင်းသည် ယခုမြိုင်မြို့နယ် ဖြစ်လာမည့်နေရာတွင် တွေ့ရှိရသည့် စေတီတော်ကို ပြုပြင်၍ စေတီတော်ကို စောင့်ရှောက်ရန် ရွာတစ်ရွာ ထူထောင်ခဲ့သည်။ ယင်းရွာ၏ ဝန်းကျင်သည် ရေကန်များ၊ နှောပင်တောနှင့် စိမ်းလန်းစိုပြည်သော သစ်ပင်များဖြင့် မှိုင်းဝေနေသဖြင့် မှိုင်းရွာဟု အမည်ပေးခဲ့ရာမှ ကာလရွေ့လျောလာချိန်တွင် မှိုင်းရွာမှ မြိုင်ရွာဟု ပြောင်းလဲခဲ့ကြောင်း မြိုင်မြို့ ရွှေမြင်းတင်ဘုရားသမိုင်းကို အကိုးအကားပြုကာ မြိုင်မြို့နယ်ဒေသဆိုင်ရာ အချက်အလက်များ မှတ်တမ်းတွင် ရေးသားထားသည်။

ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနသည် ၁၉၇၂ ခုနှစ် ဇွန် ၃ ရက်တွင် မြိုင်ကို မြို့အဖြစ်သတ်မှတ်၍ ၁၉၇၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် မြိုင်မြို့နယ်ကို မြို့တစ်မြို့၊ ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၈၁ အုပ်စု၊ ကျေးရွာ ၃၂၉ ရွာဖြင့်ဖွဲ့စည်းခဲ့သည်။

မြိုင်မြို့နယ်သည် အရှေ့မှ အနောက်သို့ ၄၂ ဒသမ ၅ မိုင်၊ တောင်မှမြောက်သို့ မိုင် ၃၀ ရှည်လျား၍ အရှေ့ဘက်တွင် ရေစကြိုမြို့နယ်၊ အနောက်ဘက်တွင် ပေါက်မြို့နယ်၊ တောင်ဘက်တွင် ပခုက္ကူမြို့နယ်၊ မြောက်ဘက်တွင် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်တို့နှင့် ထိစပ်နေသည်။ မြေပြန့်လွင်ပြင်ဒေသဖြစ်သည့် မြိုင်မြို့နယ်၏ အနောက်ဘက်တွင် တည်ရှိသည့် တန့်ကြည့်တောင်သည် ၁၉၀၅ ပေ မြင့်သည်။ မြို့နယ်အတွင်းရှိ အခြားထင်ရှားသည့် တောင်များမှာ ဝက်ပစ်တောင် (အမြင့်၁၀၂၁ ပေ)၊ သံတောင်(အမြင့် ၁၀၈၁ ပေ)၊ ကံယာကောင်းတောင် (အမြင့် ၁၂၂၁ ပေ)၊ မြိုင်တောင် (အမြင့် ၁၂၅၈ ပေ)နှင့် ကျောက်ဆင်တောင် (အမြင့် ၁၄၈၅ ပေ)တို့ ဖြစ်ကြသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၈၈၆ ပေမြင့်သည့် မြိုင်မြို့၏ မြောက်ပိုင်းတွင် ၁၉ မိုင်ရှည်လျားသည့် ယမားချောင်းသည် အနောက်မှ အရှေ့သို့ စီးဆင်းနေကာ မြို့နယ်အတွင်း၌ မြိုင်ချောင်း၊ ထန်းငယ်တောချောင်း၊ ကျောက်ဆောက်ချောင်းနှင့် နအင်းချောင်းတို့ စီးဆင်းနေကြသည်။ အညာဒေသဖြစ်သည့် အားလျော်စွာ မြိုင်မြို့နယ်တွင် ထနောင်း၊ ဒဟတ်၊ မန်ကျည်း၊ထန်း၊ ကုက္ကို၊ တမာ စသည့် အပူပိုင်းဒေသ ပေါက်ပင်များကိုအများဆုံး တွေ့ရှိရပေသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်သည့် စာရင်းများအရ မြိုင်မြို့နယ်အတွင်း ဘုရားပုထိုးစေတီပေါင်း ၁၃၇၉ ဆူနှင့် ဘုန်းကြီးကျောင်း ၃၉၁ ကျောင်းရှိသည့်အနက် တည်ဆောက်မှု မှတ်တမ်းအရ လွန်ခဲ့သည့် နှစ် ၂၈၀ က တည်ဆောက်ခဲ့သဖြင့် မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ဆုံး ရှေးဟောင်း သစ်သားကျောင်းကြီးဖြစ်သည့် မနောရမ္မာ ရွှေအုံတုံ ဘုန်းတော်ကြီးကျောင်း သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မနောရမ္မာရွှေကျောင်းကို ဒေသခံများက ရွှေအုံတုံကျောင်းဟုလည်း ခေါ်ဆိုခဲ့ကြသည်။

မြိုင်မြို့နယ်နှင့် ရှေးဟောင်းအမွေအနှစ်များ

မြိုင်မြို့မှ အရှေ့တောင်ဘက်ယွန်းယွန်း ၁၆ မိုင် အကွာတွင်ရှိသည့် လင်းကတောရွာသို့ ရောက်ရှိခဲ့စဉ် မန္တလေးတက္ကသိုလ် ရှေးဟောင်းသုတေသန ပညာဌာနမှ ထူးချွန်ကျောင်းသူ မထက်နန္ဒာဦးနှင့် အဘိုးဖြစ်သူ ဦးထွန်းကြိုင်တို့က လိုက်လံ ပို့ဆောင်ပေးမှုကြောင့် မြိုင်မြို့နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များကို သွားရောက်လေ့လာနိုင်ခဲ့သည်။

ယင်းတို့အနက် လင်းကတောကျေးရွာ မစိုးရိမ်ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း မှန်စီစေတီ၏ လိုဏ်အတွင်း နံရံတွင် ညောင်ရမ်းခေတ်လက်ရာဟု ယူဆရသည့် နံရံဆေးပန်းချီများကို ထိန်းသိမ်းထားရှိသည်။ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် လိုဏ်အတွင်းရှိ ရုပ်ပွားတော်ကိုမူ ပြန်လည်ပြုပြင်ထားသဖြင့် မူလလက်ရာ မကျန်တော့ပါချေ။ စေတီတော်ဝင်းအတွင်း ထူးခြားစွာ တည်ဆောက်ထားသည့် အုတ်လိုဏ်အတွင်း၌ မူလကရှေးဟောင်း ရုပ်ပွားတော်များ များပြားစွာရှိခဲ့သော်လည်း ယခုအခါတွင် ဆွေးမြည့်ပျက်စီးနေသည့် သစ်သားဆင်းတုတော် အစိတ်အပိုင်းတစ်ခုနှင့် ဦးခေါင်းပြတ်နေသည့် ဆင်းတုတော် အငယ်များကိုသာ တွေ့ရှိခဲ့ကြရသည်။

ထို့အတူ ကိုင်းလည်ရွာ ကုန်းမြင့်ပေါ်တွင် တည်ရှိနေသည့် ရှေးဟောင်းစေတီများကို ပြုပြင်ထားသည့် စေတီသုံးဆူအနီးတွင် မူလစေတီတော်၏ ကျောက်ထီးတော်၊ ကျောက်စိန်ဖူးနှင့် ကျောက်စိန်ဖူးတော် ထည့်သွင်းခဲ့သည့် သံအိမ်တို့ကို မြင်တွေ့ရသည်။ ယင်းစေတီတော်၏ ပစ္စယာတွင် ၁၂၈၀ ပြည့်နှစ်ကယင်းစေတီတော်ကို ကိုင်းလည်ရွာမှ ဆရာတော် ဦးသောဘိတနှင့် ဒါယကာ တစ်စုက ပြုပြင်ကြောင်း ရေးသားထားသည့်စာကို တွေ့ရှိကြရသည်။

၂၀၁၈ ခုနှစ်တွင် ရှေးဟောင်းစေတီများကို အလှူရှင်များက ထပ်မံပြုပြင်ခဲ့စဉ် စေတီတော်သုံးဆူ၏ အစိတ်အပိုင်းများကို အဆင့်အလိုက် တစ်ခုစီဖြုတ်၍ နံပါတ်များမှတ်သားကာ တစ်ဆင့်ချင်း ပြန်လည်စီထပ်ခဲ့ကြောင်း အဘ ဦးထွန်းကြိုင်က ပြောပြသည်။ မူလစေတီတော် တည်ခဲ့စဉ်ကပင် စေတီတော်၏ပစ္စယာအဆင့်ဆင့်နှင့် ဖောင်းရစ်များကို တစ်ခုစီပြုလုပ်ပြီး ဆင့်ထပ်ထားခဲ့သဖြင့် စေတီတော်တစ်ဆူလုံးကို အလွယ်တကူဖြုတ်နိုင်၊ တပ်ဆင်နိုင်ခဲ့ရာ စေတီတော် တည်ဆောက်ခဲ့ပုံ စနစ်သည် အလွန်ပင် ထူးခြားလှပေသည်။

မြန်မာစာပေနယ်တွင် ထင်ရှားလှသည့် ကြည့်ကန်ရှင် ဆရာတော်၏ဇာတိဖြစ်သည့် ကြည့်ကန်ရွာ၌ မြန်မာသက္ကရာဇ် ၁၂၉၇ ခုနှစ် တပေါင်းလကွယ်နေ့ (ခရစ်နှစ် ၁၉၃၅ ခုနှစ်နိုဝင်ဘာ ၂၄ ရက်)က တည်ဆောက်ပြီးစီးခဲ့သည့် ရှေးဟောင်းသစ်သားဇရပ်၏ ပန်းပြားတွင် ကမ္ပည်းစာများ ရေးထိုးထားရာအလှူရှင်များသည် ဦးသာခင် မစောမယ်သမီး မအုမ်းစိန်တို့ ဖြစ်ကြပြီး ၁၂၅၅ ကျပ် ကုန်ကျခဲ့ကြောင်း မှတ်တမ်းတင်ထားခဲ့သည်။

မြိုင်မြို့နယ်အတွင်းရှိ ကွမ်းတော်ရွာသို့ ရောက်ရှိခဲ့ရာတွင် ၁၉၈၂ ခုနှစ် မေလ ၂၁ ရက်က ပျံလွန်တော်မူခဲ့ပြီး ယနေ့တိုင် မပုပ်မသိုးသော ရုပ်ခန္ဓာ ကျန်ရှိနေသည့် ဆရာတော် ဘဒ္ဒ္တပညာသီရိ၏ ရုပ်ကလပ်တော်ကို မင်္ဂလာသီရိကျောင်းတိုက်အတွင်း၌ ဖူးမြင်ခဲ့ရသည်။

မနောရမ္မာ ရွှေကျောင်းတော်

ကျောင်းတိုက်တွင် ရေးထိုးထားသည့် မှတ်တမ်းများအရ မြိုင်မြို့နယ်အတွင်းရှိ အုံတုံရွှေကျောင်း ခေါ် မနောရမ္မာ ရွှေကျောင်းကို မြန်မာသက္ကရာဇ် ၁၁၀ဝ ပြည့်နှစ် (ခရစ်နှစ် ၁၇၃၈ခုနှစ်)က တည်ဆောက်ခဲ့သည်။ယခုအခါ သက်တမ်း နှစ်ပေါင်း၂၈၀ ပြည့်ခဲ့ပြီ ဖြစ်သည့် ယင်းသစ်သားကျောင်းတော်ကြီးသည်ပခုက္ကူ-မြိုင် ကားလမ်း၏ လက်ယာဘက် တစ်မိုင်အကွာရှိ မြိုင်မြို့နယ် ဗိမ္မာန်မကျေးရွာ၌ တည်ရှိနေပေသည်။

လက်ရာမြောက်စွာတည်ဆောက်ထားခဲ့သည့် မနောရမ္မာကျောင်းတွင် မူလက အဆောင်ပေါင်း ၁၂ ဆောင် ပါရှိခဲ့ကြောင်းနှင့် အရှေ့အနောက် ၁၇ ခန်းနှင့် တောင်မြောက် ၁၃ ခန်းရှိခဲ့ကြောင်း မနောရမ္မာကျောင်းကို စောင့်ရှောက်နေသူ ဆရာတော် ဦးဇဋိလက ရှင်းပြခဲ့သည်။ မူလကျောင်းတော်ကြီးကိုခန်းဖွဲ့ တစ်ခုလျှင် လေးတောင်(ခြောက်ပေ) အကျယ်ထားလျက် ကျွန်းတိုင်ပေါင်း ၂၅၂ လုံးဖြင့် တည်ဆောက်ခဲ့သော်လည်း  အဆောင်များ ပြိုကျပျက်စီးခဲ့သဖြင့် ယခုအချိန်တွင် တိုင် ၄၂ တိုင်သာ ကျန်ရှိနေသည်။

မနောရမ္မာကျောင်းကို တည်ဆောက်ခဲ့စဉ်က ရှေးမြန်မာ ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်မှု ဗိသုကာပုံစံအတိုင်း ပြာသာဒ်ဆောင်၊ စနုဆောင်၊ ဆောင်မကြီးနှင့် ဘောဂဆောင်တို့ ပါရှိခဲ့ဟန်ရှိပြီး ယခုကျန်ရှိနေသည့် အဆောက်အအုံသည် ဆောင်မကြီးဖြစ်သည်။ ဆောင်မကြီး၏အလယ်တွင် သစ်သားပန်းကွက်များဖြင့် အလှဆင်ထားသည့် မာရဘင်ရှိကာ အဆောင်ကူးသည့် ဝင်ထွက်ပေါက် နှစ်ပေါက် ပါရှိသည်။ လက်ရှိ လှေကားတပ်ထားသည့် တံခါးပေါက်သည် ဆောင်မကြီးမှ ဘောဂဆောင်သို့ ကူးသည့်အပေါက် ဖြစ်ခဲ့ဟန်ရှိပေသည်။

ကျောင်းတော်ကြီးကို လည်ပေါ်သုံးထပ်ပါရှိသည့် ဇေတဝန်ဆောင်ပုံစံ တည်ဆောက်ခဲ့သည်။ အဆောင်တံခါးများကို တံကဲပုံစံပြုလုပ်ကာ ပန်းကွက်များဖြင့် အလှဆင် ပုံဖော်ထားသည်။ ကျောင်းအပြင်နံရံတွင် တိုင်တစ်ခုနှင့် တစ်ခုကြားရှိ အခန်းခြောက်ခန်းအနက် ငါးခန်း၌ မှန်ကင်းတံကဲများ ပုံဖော်ထားကာ တံကဲပတ်လည်ကို ကနုတ်ပန်းကွက်များဖြင့် ဘောင်ခတ်ထားပြီး ထိပ်တွင် ပြာသာဒ်ပုံကို ထည့်သွင်းထားသည်။တံကဲ မှန်ကင်းအလယ်၌ ဥဒေါင်းများကို ဟန်အမျိုးမျိုးဖြင့် ထည့်သွင်းထု လုပ်ထားသည်မှာ အလွန်လက်ရာမြောက်လှပေသည်။ ထိပ်ဆုံး တိုင်နှစ်တိုင်အကြားရှိ အခန်းတွင် ပိတ်ထားသည့် ပြတင်းရာနှစ်ခုကိုသာ တွေ့ရပြီး ယင်းနေရာကို တန်ဆာဆင်ထားခြင်း မရှိချေ။

ကျောင်းအတွင်း၌ မာရဘင်ကို ရွှေပိန်းများချထားကာ ကျောင်းတိုက်အတွင်းမှ ကျန်နေရာများကို ရွှေဇဝါများဖြင့် အလှဆင်ခဲ့သည်။ အလွန်ခံ့ညားထည်ဝါသည့် ယင်းကျောင်းကြီးမှာ အရွယ်ငယ်သော်လည်း မင်းဧကရာဇ်တို့ တည်ဆောက်သည့် ကျောင်းများနှင့် မခြားလှကြောင်းနှင့် မင်း၏ခွင့်ပြုချက်တောင်းရန်မလိုသော အခြေအနေတွင် စစ်နှင့်ဝေးကွာသော အရပ်၌ စိတ်တိုင်းကျ တည်ဆောက်ခဲ့ဟန်ရှိကြောင်း မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ သမိုင်းပညာရှင် ဒေါက်တာတိုးလှက သုံးသပ်ခဲ့သည်။

ကျောင်းတော်ကြီး အလှူရှင်

မနောရမ္မာကျောင်းကြီးကို တည်ဆောက်ခဲ့သည့်အချိန် (ခရစ်နှစ် ၁၇၃၈ ခုနှစ်)သည် ညောင်ရမ်းမင်းဆက် နောက်ဆုံးဘုရင် မဟာဓမ္မရာဇာဓိပတိ(ခရစ်နှစ် ၁၇၃၃-၁၇၅၂) စိုးစံနေချိန် ဖြစ်သည်။ ယင်းအချိန်တွင် မြန်မာနိုင်ငံကို ကသည်းတို့ တိုက်ခိုက်မှု များကြောင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်နှင့် မူးမြစ်ဝှမ်းဒေသများတွင် အခြေအနေများ ယိမ်းယိုင်နေခဲ့ကာ ယင်းနယ်များတွင် ဘုရင့်ဩဇာ သက်ရောက်မှု နည်းပါးနေချိန်ဖြစ်သည်။

ယင်းကာလတွင် စဉ့်ကန်ရွာမှ ဦးဆုသာမိသားစုနှင့် ဆွေမျိုးသားချင်းများက မနောရမ္မာကျောင်းကြီးကို တည်ဆောက် လှူဒါန်းခဲ့ကာ ပိဋကတ်တော်များကိုလည်း ရေးကူးစေခဲ့သည်။ (စဉ့်ကန်ရွာသည် ထိုစဉ်က ဗိမ္မာန်မရွာအနီးတွင် ရှိခဲ့သော်လည်း ယခု မရှိတော့ပါချေ။) အလှူရှင်များသည် ကျောင်းကြီး တည်ဆောက်မှု မပြီးစီးမီ ဆရာတော် ဦးဥတ္တမာလင်္ကာရကို လှူဒါန်းခဲ့သည်။ ကျောင်းတည်ဆောက်မှု ကုန်ကျစရိတ်သည်၂၈၂၅ ကျပ်ဖြစ်ကြောင်း ကျောင်းအထက် ခါးပန်းတွင် ရွှေဇဝါဖြင့် ရေးသားခဲ့သည့် မှတ်တမ်းတွင် ဖော်ပြထားသည်။ (ထိုအချိန်က ငွေကြေးတန်ဖိုးသည် ရွှေတစ်ကျပ်သားလျှင် ၁၆ ကျပ် ဖြစ်သည်။)

ယင်းမှတ်တမ်းစာများကို ဆရာကြီး ဒေါက်တာတိုးလှက ၁၉၆၈ ခုနှစ်က ကူးယူထားခဲ့သဖြင့် နှောင်းလူတို့ အလွယ်တကူ လေ့လာနိုင်ခဲ့ကြသည်။ မှတ်တမ်းကမ္ပည်းစာတွင် ပါဠိဂါထာကိုဦးစွာရေး၍ ယင်းဂါထာကို မြန်မာဘာသာ အနက်ပြန်ဆိုပြီး မြန်မာဘာသာဖြင့်လည်း ရေးသားခဲ့သည်။

မှတ်တမ်းအရ သစ်သားကျောင်းတော်ကြီးကို ရဟန်းသူမြတ်တို့ စိတ်နှလုံးပျော်မွေ့ရာ (မနောရမ္မာ) ကျောင်းတော်ဟု အမည်တပ်ခဲ့ကာ မြန်မာသက္ကရာဇ် ၁၁၀ဝ ပြည့်နှစ် ကဆုန်လပြည့်ကျော် ၁၅ ရက် (ခရစ်နှစ် ၁၇၃၈ ခုနှစ် မေလ ၆ ရက်)စနေနေ့တွင် စတင်တည်ဆောက်ခဲ့သည်။ ထိုနှစ် ဝါဆိုလဆန်း၁၄ ရက်(ခရစ်နှစ် ၁၇၃၈ ခုနှစ် ဇွန်လ ၁၈ ရက်) တနင်္ဂနွေနေ့တွင် အရှင် ဥတ္တမာလင်္ကာရအား ရှေးဦးစွာ တင်လှူခဲ့ကာ ၁၁၀၄ ခုနှစ် ဒုတိယဝါဆိုလဆန်း ၁၂ ရက် (ခရစ်နှစ် ၁၇၄၂ခုနှစ် ဇူလိုင်လ ၂ ရက်) သောကြာနေ့တွင် အပြီးသတ်ရွှေချ၍ ဒုတိယအကြိမ် ကျောင်းတင်လှူခဲ့သည်။

ရွှေဇဝါရေးပန်းချီနှင့် မှတ်တမ်းစာများ

လက်ရှိမြင်တွေ့နေရသည့် ကျောင်းအဆောက်အအုံ၏ မြောက်ဘက်ခြမ်းတွင် လှေကားရာများ ကျန်ရှိနေသဖြင့် မူလမနောရမ္မာ ကျောင်းသည် မြောက်ဘက်သို့ မျက်နှာမူခဲ့ဟန်ရှိကာ မနောရမ္မာကျောင်းကြီး၏ အတွင်း၌ ရွှေဇဝါရေး ပန်းချီများဖြင့် တန်ဆာဆင်ခဲ့သည်။ ကျောင်းတိုက်တည်ဆောက်မှုနှင့် ကောင်းမှုကုသိုလ် မှတ်တမ်းစာများကို ကျောင်းတိုက်၏ အရှေ့မြောက်ဘက် အပေါ်ထုပ်တန်းနှင့် တိုင်ကြီးများတွင် ရေးသားခဲ့ရာ ထုပ်တန်းပေါ်မှ မှတ်တမ်းစာအချို့ကို ယခုတိုင်မြင်တွေ့ ကြရသည်။ မှတ်တမ်းစာအများစုသည် မသမာသူများက ရွှေများကို ပွတ်ခွာသွားခြင်းကြောင့် ရွှေများနှင့်အတူ ပျောက်ကွယ် ခဲ့ရပေသည်။

မနောရမ္မာကျောင်းတိုက်ကို စောင့်ရှောက်နေသည့် ဆရာတော် ဦးဇဋိလက ကျောင်းအလှူတော်မှတ်တမ်းကို ရေးကူးထားသည့် လက်ရေးမူကို ပြသခဲ့သဖြင့် ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ကာ ထုပ်တန်းပေါ်မှ ကျောင်းကမ္ပည်း ရွှေဇဝါကို ဖတ်ရှုနိုင်ခဲ့ရသည်။ မှတ်တမ်းစာတွင် “ စိရံတိဋ္ဌတု ယာဝါသော၊ အရိသမ္မာ အလင်္ကာရ အတျာဘာစ အတေသာရံ၊ မနောရမ္မာသုအ္ဆေရာ၊ ရမ္မတီစ ဥပဿ ယံဣမိနာယံ ဣဟ္ဘဝေ၊ ဣမံဝါသံဣ္ဆာကရေ သဗ္ဗေမယံ ဘဝေဘဝေ သုခဝါသံ ဝိလဗ္ဘရေ၊အယံအဝါသော ပရိယတ် ပဋိပါတ်ကို ဖြဉ့်ကုန်သော ရဟန်းသူမြတ်တို့၏ နှလုံမ်း မွေ့လျော် ပျော်ရာဖြစ်သော မနောရမ္မာအမဉ်ရှိသော ဤကျောင်းသဉ် ကြာမြင့်စွာ တဉ်ပါစေသတဉ်း” ဟု အစချီကာ ပါဠိဘာသာ၊ ပါဠိမြန်မာ နိဿယနှင့် မြန်မာဘာသာတို့ဖြင့် ရေးသားထားသည့် စာကြောင်းရေ ၁၃ကြောင်း ပါရှိသည်။ (မူရင်းစာလုံးပေါင်း အတိုင်းဖြစ်ပါသည်။) မှတ်တမ်းစာအဆုံးတွင် ကောင်းမြတ်သော ဆုတောင်းများကို တောင်းဆိုကာ ဝေနေယျ သတ္တဝါအပေါင်းကို အမျှဝေခဲ့သည်။ ကျောင်းအတွင်းပိုင်း တစ်ခုလုံးကို ရွှေချကာ ရွှေဇဝါများရေးသားခဲ့သည့် မနောရမ္မာကျောင်း၏ မျက်နှာကြက်တွင် ဘုရားရှင်ခြေတော်ရာပုံကို ရေးဆွဲခဲ့သော်လည်း ယခုအခါတွင် မမြင်တွေ့နိုင်တော့ပါ။

ပိဋကတ်သုံးပုံပေစာများထည့်သည့် စာတိုက်ကြီးများ

မနောရမ္မာကျောင်းကြီးတွင် အလှူရှင်မိသားစု လှူဒါန်းခဲ့သည့် ရွှေချထားသော စာတိုက်သေတ္တာကြီးများကို တွေ့ရှိရသည်။ အလှူရှင်များလှူဒါန်းခဲ့သည့် ပိဋကတ်သုံးပုံ ပေစာထုပ်များကို ယင်းစာတိုက်သေတ္တာများတွင် ထိန်းသိမ်းထားရှိခဲ့သည်။ ယခုအခါတွင် ပေစာထုပ်များကို မတွေ့ရှိရဘဲ ပေရွက်အကျိုးများသာ ကျန်ရှိနေပြီး ထိုပေရွက်များပေါ်တွင် လှပဝိုင်းစက်သော လက်ရေးဖြင့် ရေးသားထားသည့် ပါဠိစာများ၊မြန်မာစာများကို တွေ့ရှိခဲ့ရကာ တစ်ခုစီဖြစ်နေသဖြင့် ဆက်စပ်ဖတ်ရှုရန် ခက်ခဲခဲ့ပေသည်။

တလားပုံစံ၊ ဗီရိုပုံစံနှင့် လေးထောင့်ပုံစံ စာတိုက်သေတ္တာကြီးများကို ကျွန်းသားဖြင့် ပုံစံမျိုးစုံပြုလုပ်၍ ရွှေများချထားပြီး သေတ္တာတစ်ခုစီ၏ မျက်နှာစာတွင် ပန်းကနုတ်များဖြင့် ပုံများထွင်းထုထားသည်။ တလားပုံစာတိုက်သည် မနောရမ္မာကျောင်းမှ မူလစာတိုက်သေတ္တာများဖြစ်ကာ လေးထောင့်ပုံ စာတိုက်သေတ္တာများသည် ကုန်းဘောင်ခေတ် လက်ရာများဖြစ်ပြီး နောက်ပိုင်း အလှူရှင်များက လှူခဲ့သည့် စာတိုက်များဖြစ်နိုင်ကြောင်း ဆရာကြီး ဒေါက်တာတိုးလှက သုံးသပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုတိုင်ကျန်ရှိနေသည့် ရှေးဟောင်း သစ်သားဘုန်းတော်ကြီး ကျောင်းများအနက် လွန်ခဲ့သော နှစ် ၂၈၀ က တည်ဆောက်ခဲ့သည့် မနောရမ္မာ ရွှေကျောင်းကြီးသည် သက်တမ်းအရှည်ကြာဆုံးဖြစ်ရာ ကျောင်းကြီး ရေရှည်တည်တံ့စေရန် ဆက်လက် ထိန်းသိမ်းကြခြင်းဖြင့် မြန်မာ့သမိုင်းအမွေအနှစ်များကို မျိုးဆက်သစ်များ လေ့လာထိန်းသိမ်း တန်ဖိုးထားနိုင်ကြမည် ဖြစ်ပေသည်။   ။