မြန်အောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

မြန်အောင် မေ ၂၄

 

မြန်အောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် တစ်သိန်း ငါးသောင်းကျပ်နှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲမှ ယနေ့တွင် ထုတ်ချေးပေးလျက် ရှိသည်။

 

မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်သင်းသင်းအောင်က မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက်  လယ်(၁)ဧက ငွေကျပ် တစ်သိန်း ငါးသောင်းနှုန်းကို အတိုး ၅% ဖြင့် ထုတ်ချေးမည်ဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ရှိသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသော ကွင်းကြီးဒေါင့်ကျေးရွာအုပ်စုမှ တောင်သူများအား ချေးငွေထုတ်ချေးသည့် စာချုပ်ပါ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

မြန်အောင်မြို့နယ်မှ ကျေးရွာအုပ်စု ၅၇ အုပ်စုရှိ တောင်သူ (၉၀၀၀) ကျော်တို့၏ လယ်ယာမြေ (၅၅၅၂၈)ဧက အတွက် ကျပ် (၈၃၂၇၇)သိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ငွေချေးရန် လျာထားကြောင်း သိရှိသည်။

 

ဝင်းဗိုလ်(မြန်အောင်)