မမေ့မလျော့အသက်ဝင် အမျိုးသားအောင်ပွဲဆင်

နေပြည်တော် ၂ ဒီဇင်ဘာ

 

မန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (ယနေ့)သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ နှစ်ပေါင်း တစ်ရာနီးပါးရှိပြီဖြစ်သည့် အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ် ဤနေ့ဤရက်ရောက်တိုင်း နိုင်ငံတစ်ဝန်း ကျင်းပလာခဲ့သည်မှာ အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်နေကြောင်း၊ အမျိုးသားနေ့ကို မမေ့ မလျော့ရှိနေကြောင်း အသိအမှတ်ပြုသောအားဖြင့် ဂုဏ်ပြုကြခြင်းဖြစ်သည်။

 

၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့။ ယူနီဗာစီတီအက်ဥပဒေကို ကျောင်းသားများ ကန့်ကွက်သပိတ်မှောက်သည့်နေ့။ အမျိုးသားရေးစိတ်ဓာတ်ဖြင့် အောင်ပွဲရရှိစေရန် သန္ဓေတည်ခဲ့ သည့်နေ့သည် မြန်မာတစ်ပြည်လုံး လုံးဝလွတ်လပ်ခြင်း၊ အချုပ်အခြာ အာဏာပိုင်သည့် ပြည်ထောင်စုကြီးအတွင်း လွတ်လွတ်လပ်လပ်၊ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေထိုင်ခွင့်ရရှိအောင် ဖော်ဆောင်ပေးနိုင်ခဲ့သည့် နေ့ထူးနေ့မြတ် နေ့တစ်နေ့ ဖြစ်သည်။ ထိုသို့ ဆက်လက်ရပ်တည်နေထိုင် နိုင်အောင် အမျိုးသားရေးစိတ်ဓာတ်များကို တိုင်းရင်းသားပြည်သူအားလုံး နှစ်ပေါင်းထောင်ချီ ဆက်လက်မွေးမြူထားကြရမည်ဖြစ်သည်။

 

ထိုသို့သော အမျိုးသားရေးစိတ်ဓာတ်ဖြင့် လွတ်လပ်သောနိုင်ငံသား များအဖြစ် ရပ်တည် နေထိုင်လျက်ရှိကြသည်ဟုဆိုသော်လည်း လွတ်လပ်သောနိုင်ငံသားများ၏ ဂုဏ်ဒြပ်နှင့်လျော်ညီစွာ တင့်တင့်တယ်တယ်၊ မြင့်မြင့်မားမား နေထိုင်နိုင်အောင်လည်း ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ လွတ်လပ်ပင်လွတ်လပ်သည်ဆိုသော်ငြားလည်း လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော တိုင်းရင်းသားအချင်းချင်းကြားတွင်နိုင်ငံရေးခံယူချက်ကွဲပြားမှု၊ သံသယဖြစ်ပေါ်မှု စသည့် အကြောင်း များကြောင့် ပြည်တွင်းပဋိပက္ခများ နှစ်ပေါင်းရှည်ကြာဖြစ်ပေါ်ခဲ့ပြီး ပဋိပက္ခဒေသများအတွင်းမှ တိုင်းရင်းသားပြည်သူများ ဒုက္ခရောက်မှု၊ နိုင်ငံတိုးတက်ရေး နောက်ကျကျန်နေရမှုတို့ကို သတိမူရမည်ဖြစ်သည်။

 

အမျိုးသားအောင်ပွဲနေ့မှ ပေါ်ပေါက်လာသည့် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားနေရုံဖြင့်လည်း မပြီးသေးချေ။ မိမိတို့ပြည်ထောင်စုကြီးစည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းရပ်တည်နေထိုင်နိုင်အောင် ကြိုးပမ်းအားထုတ်ကြရဦးမည်ဖြစ်သည်။ ထိုသို့ရပ်တည် နေထိုင်နိုင်ရန်အတွက် တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းအောင်၊ သာယာဝပြောအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။ သမိုင်းကြောင်း၏ အမွေဆိုး များကို သင်ခန်းစာယူ၍ စည်းလုံးညီညွတ်ပြီး အေးချမ်းသာယာသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ကြရမည်။

 

ထိုသို့တည်ဆောက်နိုင်ရန်အတွက် တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးရရှိစေမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံကို ကျင်းပနေသည်။ မတူကွဲပြားမှုများကို ဘေးဖယ်ထားပြီး တူရာများကို စုစည်း၍ ငြိမ်းချမ်းရေးအောင်မြင်အောင်၊ ငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်း လက်တွဲကြိုးပမ်းဖော်ဆောင်ကြရမည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသည်နှင့် အမျှ တိုင်းရင်းသား ပြည်သူအားလုံးအတွက် ညီညွတ်မျှတပြီး ဖွံ့ဖြိုးတိုးတက်သည့် အသီးအပွင့်များအား မျှဝေ ခံစားနိုင်ရေးကို အမျိုးသားရေးစိတ်ဓာတ်အရင်းခံပြီး အင်တိုက်အားတိုက် လက်တွဲညီညာ အားထုတ်ကြရမည်ဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်များသည် အမျိုးသားအောင်ပွဲ နေ့မှ စတင်အခြေခံလာပြီး ပင်လုံညီလာခံဖြင့် စုစည်းညီညာမှုကို ဖော်ထုတ်နိုင်ကာ လုံးဝလွတ်လပ်သော အောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ပြီး ဖြစ်သည်။

 

အမျိုးသားရေးစိတ်ဓာတ်များ စတင်နိုးကြားလာခဲ့သည်မှာ ၉၈ နှစ်တိုင် ရှိခဲ့ပြီဖြစ်သည်။ နိုးကြားရှင်သန်ခဲ့သော အမျိုးသားရေးစိတ်ဓာတ်အောင်ပွဲဆင်နိုင်ခဲ့သည်ကို မမေ့မလျော့ဘဲ အသက်ဝင်ရှင်သန်အောင်ဆက်လက်ကြိုးပမ်းအားထုတ်ပြီး ရရှိဖြစ်ထွန်းလာသော ထိုအောင်စိတ် ဖြင့်ပင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် ငြိမ်းချမ်းရေးကို ညီညွတ်သောစွမ်းအားဖြင့် ရယူကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ အမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံတကာအလယ်တွင် တင့်တင့်တယ်တယ် ဝင့်ဝင့်ကြွားကြွား တိုင်းရင်းသားပြည်သူအားလုံး ရပ်တည်နေထိုင်နိုင်အောင် ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ။

 

ကြေးမုံ