မမေ့မလျော့ မပေါ့မဆခြင်းဖြင့် ကပ်ရောဂါကို ဆက်လက်တားဆီးကြစို့

ဇွန် ၉

 

ကံကို အကြောင်းပြု ပြောမည်ဆိုလျှင် မြန်မာနိုင်ငံက ကံကောင်းသည်ဟုဆိုရပါမည်။ သိတတ်မှုကို သော်လည်းကောင်း၊ အမှားအမှန် ခွဲခြားမြင်နိုင်၍ မည်သည်ကို ယုံကြည်လိုက်နာကာ မည်ကဲ့သို့ ရှောင်ကြဉ်နေထိုင်ရမည်ဆိုသည့် သိမှုကိုလည်းကောင်း၊ အသိဉာဏ်ပညာအဖြစ် ယှဉ်ကာ ဆိုလျှင်လည်း မြန်မာလူမျိုးတို့ အသိဉာဏ်ပညာ အဆင့်မြင့်မားသည်ဟုပြောနိုင်ပါမည်။ လုပ်စရာရှိသည်ကို ညီညီညွတ်ညွတ် တက်တက်ကြွကြွဖြင့် ဝိုင်းကြဝန်းကြ လှူကြတန်းကြ၊ အတူတကွ လုပ်ကြကိုင်ကြ၊ ရှေ့တန်းမှ တာဝန်ယူ လုပ်ကိုင်နေသူများကို အားပေးကြစသည့် အကောင်အထည်ဖော် ဆောင်ရွက်မှုများကိုကြည့်လျှင် သည်နိုင်ငံသားတို့ ထကြွလုံ့လလည်း မနည်းလှ ဝီရိယလည်း ကောင်းလှဟု ဆိုနိုင်ပါလိမ့်မည်။

 

ယခု ဆိုလိုနေသည့် ကံ၊ ဉာဏ်၊ ဝီရိယသည် ကိုဗစ်ဗိုင်းရပ်စ်ရောဂါ ကမ္ဘာတစ်ခွင် ဝင်ပြီဟု ကြေညာသည့်အချိန်ကစ၍ မြန်မာနိုင်ငံသားတို့၏ ကပ်ရောဂါကို ရပ်တည်ခုခံကြပုံကို ဆန်းစစ်ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။

 

နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့သည် ကပ်ရောဂါကို ကာကွယ် ဟန့်တားချုပ်ကိုင်နိုင်ရေးအတွက် တစ်ဦးချင်း၏ တာဝန်အနေဖြင့် မှတ်ယူကြကာ အိမ်ထဲကအိမ်ပြင် မထွက်ဘဲနေကြ၊ မထွက်မဖြစ် ထွက်ရမည် ဆိုလျှင်လည်း နှာခေါင်းစည်း၊ မျက်နှာဖုံး တပ်ကြ၊ လူချင်း ကိုယ်ချင်း ခွာခွာနေကြ၊ လက်ကို မှန်မှန်ဆေးကြ၊ မိမိ၏ ကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုပြုစောင့်ကြည့် နေထိုင်ကြ စသည်ဖြင့် တာဝန်ရှိသူ နားလည်သူတို့က သတ်မှတ်အကြံပြုသည့်အတိုင်း လိုက်နာခဲ့ကြပါ၏။ ။

 

ထို့ကြောင့်ပင် အထက်တွင်ဆိုသကဲ့သို့ ကံ၊ ဉာဏ်၊ ဝီရိယတို့၏ အကျိုးအားကြောင့် နိုင်ငံတကာနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံက ကပ်ရောဂါ၏ထိခိုက်မှုမှ များစွာသက်သာခဲ့သည်ဟု ဆိုနိုင်ပေသည်။

 

ယနေ့ထက်တိုင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခက်ခက်ခဲခဲကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းနေရဆဲဖြစ်သည့် ကိုဗစ်-၁၉ကပ်ရောဂါ ဖြစ်ပါသည်။ နိုင်ငံတကာတွင် သိန်းနှင့်ချီသောလူဦးရေ ရောဂါပိုးကြောင့် ဖိတ်စဉ် ထိခိုက်နေဆဲလည်း ဖြစ်ပါသည်။ ။

 

မြန်မာနိုင်ငံတွင် ၁၈ မေ ၂၀၂၀ နေ့မှ ၇ ဇွန် ၂၀၂၀ နေ့ ရက် ၂၀ ကာလ အတွင်း၌ ဓာတ်ခွဲစစ်ဆေးမှုများတွင် ရောဂါပိုးတွေ့ ရှိသူများအနက် တစ်ဦးသာ ပြည်တွင်းကူးစက် လူနာဖြစ်ပြီး ကျန် ဓာတ်ခွဲအတည်ပြု လူနာများမှာ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာကြသူများ ဖြစ်ပါသည်။ ထိုသူများမှတစ်ဆင့် ပြည်တွင်းနေထိုင်သူများသို့ မကူးစက်နိုင်အောင်လည်း အဆိုပါ ပြည်ပမှ ဝင်လာသူများကို သီးခြားခွဲထားသည့်အစီအစဉ် ဖြင့် ကာကွယ်ထား၏။

 

ယနေ့ထိတိုင် နိုင်ငံကြီးအချို့တွင် ထိခိုက်သေဆုံးသူ သိန်းနှင့်ချီရှိနေချိန်တွင် ယနေ့ချိန်ထိ မြန်မာနိုင်ငံတွင် ပျက်စီးသူ ၆ ဦးသာ ရှိခြင်းက မိမိတို့၏ ကံ၊ ဉာဏ်၊ ဝီရိယ အကျိုးကြောင့် ဖြစ်ပါသည်။ သို့ရာတွင် အထူးသတိပြုရန်လိုသည်မှာ ကူးစက်ရောဂါဆိုသည်မှာ ဖြစ်ပွားမှု ရပ်တန့်နေခြင်း၊ တဖြည်းဖြည်း ကျဆင်းလာနေခြင်း စသည့်အခြေအနေမှသည် ရုတ်တရက် ထပ်မံမြင့်တက်လာခြင်းမျိုးလည်း ရှိတတ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင်း၌ ရောဂါဖြစ်ပျက်မှု မရှိတော့ပြီ၊ မဖြစ်နိုင်တော့ပြီ စသည်ဖြင့် ကြေညာနိုင်ခြင်း မရှိသေးပါ။ နိုင်ငံ၏ နေရာအနှံ့အပြားတွင် အစုလိုက် အပြုံလိုက်ဆိုသလို အချိန်မရွေး ပြန်လည်ပေါ်ပေါက်လာနိုင်သည်ဟု သတိပြုကြရန် လိုပါသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက်များအတိုင်း ရှောင်ကြဉ်ရမည်များကို ဆက်လက်ရှောင်ကြဉ်ကြ၊ ဆောင်ရွက်လုပ်ဆောင်ရမည်များကို ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ။

 

ကပ်ရောဂါ၏ ရောဂါပျိုးချိန် အရှည်ကြာဆုံးကာလ၏ နှစ်ဆ ကြာသောအချိန်အတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မှ မရှိတော့ဘူးဆိုမှသာလျှင် ဤဒေသ၌ ရောဂါကူးစက်ဖြစ်ပွားခြင်း မရှိတော့ဟု ကောက်ချက်ချနိုင်လိမ့်မည် ဖြစ်ပါသည်။

 

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါပျိုးချိန်၏ နှစ်ဆကြာချိန် ဖြစ်သည့် ၂၈ ရက် ကာလအတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မှ မရှိတော့ဟု ဆိုမှသာ ဤရောဂါကင်းပြီဟု ယူဆနိုင်ပါမည်။

 

မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ ဆက်လက်တောင့်ထားကြရန် လိုပါသည်။ လက်ကို စနစ်တကျနှင့် မှန်မှန်ဆေးပါ။ အတတ်နိုင်ဆုံး အိမ်တွင်းမှာပဲနေကြပါ။ မဖြစ်မနေ ထွက်ရမည်ဆိုလျှင် အကာအကွယ် နှာခေါင်းစည်း မျက်နှာဖုံးတို့ တပ်ဆင်ပါ။ လူစုလူဝေးများကို ရှောင်ပါ။ လူချင်း ကိုယ်ချင်း ခြောက်ပေခန့်အကွာမှ ခွာခွာနေပါ။ မိမိတစ်ကိုယ်ချင်း၏ ကိုယ်ခံအားကောင်းနေစေရန် ဂရုစိုက်ပါ။ သင့်တင့်သော အစားအသောက်များကို ကြိုးစား စားသောက် နေထိုင်ပါ။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အခြားသော တရားဝင် ထုတ်ပြန်သည့် သတင်းများကိုသာ ယုံကြည်ပါ။

 

အစိုးရ၏ တရားဝင်ထုတ်ပြန်သော သတိပေးကြေညာချက်တို့ကို လိုက်နာကြခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါကို ခုခံကာကွယ်တားဆီးရင်း ရောဂါလုံးဝပျောက်ကွယ်သည်အထိ ကံ၊ ဉာဏ်၊ ဝီရိယအားဖြင့် ကျော်လွှားကြပါစို့။ ။

 

မြန်မာ့အလင်း