မလှိုင် ၈ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် နှောကန်တိုက်နယ် နှောကန်ကျေးရွာနှင့် ကျေးရွာအချို့တွင် နွားစာ အခက်အခဲကြုံတွေ့နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“မိမိတို့ ကျေးရွာတွင် မိုးမရွာသွန်းသဖြင့် ခြောက်မိုင်ခန့်ကွာဝေးသော မလှိုင်မြို့သို့ လာရောက်၍ နွားစာလာရောက်ရှာဖွေကာ နေ့စဉ်သယ်ယူနေရပါတယ်။ နေ့တိုင်းလိုလိုပဲ ခုလိုဖြေရှင်းနေရတာပါ” ဟု မကျည်းပင်ပုကျေးရွာနေ ဦးအေးကျော်က ပြောကြားသည်။
ခြောက်လပိုင်းလောက်တွင် စတင်၍ နွားစာခက်ခဲလာပြီး အစောပိုင်းအချိန်များ၌ ထန်းသီးများအစားထိုး ကျွေး၍ အဆင်ပြေသော်လည်း ယခုထန်းသီးရှားချိန်တွင် နွားစာရှာဖွေရေးမှာ အင်မတန်ခက်ခဲနေပြီး စိမ်းစိုသော သစ်ရွက်သစ်ကိုင်းများ ခုတ်ကျွေးခြင်း၊ ပိုက်ဆံရှိသုများမှ မြင်းခြံမြို့နှင့် အခြားမြို့များသို့ သွားရောက်ဝယ်ယူရခြင်း၊ ပိုက်ဆံချို့တဲ့သူများမှ မိတ္ထီလာနှင့် မလှိုင်မြို့ကြားသို့ သုံးဘီးများ ဆိုင်ကယ်များ နွားလှည်းများဖြင့် သွားရောက်နှုတ်ယူနေရပြီး နွားအုပ်များ နွားကျောင်းစရာ စားကျက်မြေ နေရာမရှိအောင် ရှားနေတယ်လို့ နှောကန်ကျေးရွာနေ ကိုမျိုးနိုင်က ပြောကြားသည်။
ကျွန်တော်တို့ကျေးရွာမှာ လယ်ထဲယာထဲများတွင် နွားစာရိတ်လို့မရလို့ ခရီးဝေးကွာလှသော မယ်ညိုတောင်ဘက်သို့ တစ်ရွာလုံးနီးပါး ကားခ တစ်ရက်လျင် ၂၀ဝ၀ဝ ကျပ်ပေးငှား၍ နွားစာရိတ်ထွက်နေရပါတယ်။ တစ်ရွာလုံးထွက်ပြီး နွားစာရှာဖွေနေရပြီး နောက်ထပ်နှစ်လလောက်မိုးခေါင်ရင် နွာစာလုံးဝပျက်နိုင်တဲ့ အခြေအနေရှိနေတယ်လို့ လက်ဆွေ့ကျေးရွာနေ ဦးအောင်မြင့်နိုင်က ပြောကြားသည်။
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်ယုသို့ ဆက်သွယ်မေးမြန်းရာ "ရာသီဥတုက ပြောင်းလဲနေတဲ့အတွက် နွားစာအခက်အခဲဖြစ်နိုင်သဖြင့် "နေဗီယာ"အမျိုးအစား မြက်ကို နွားစာအတွက် ရွာအချို့မှာ စိုက်ပျိုးနေပြီး တောင်သူတွေ စိုက်ဖို့အတွက် တိုက်တွန်းစည်းရုံးမှုတွေလုပ်ဆောင်နေပါတယ်။နေဗီယာ အမျိုးအစားမြက်အတွက် တောင်သူတွေ စိုက်ပျိုးဖို့ မျိုးကိုလည်း ပုပ္ပားကနေ ယူပေးပါတယ်"ဟု ပြောကြားခဲ့သည်။
နှောကန်ကျေးရွာ မကျည်းပင်ပုကျေးရွာနှင့် လက်ဆွေ့ကျေးရွာများအပြင် အခြားကျေးရွာအချို့မှာ နွားစာအခက်အခဲနဲ့ ကြုံတွေ့နေတယ်လို အဆိုပါကျေးရွာများရှိ ဒေသခံများက ဆိုပါတယ်။
မလှိုင်မြို့တွင် မိုးရွာသွန်းမှုများရှိသော်လည်း နှောကန်တိုက်နယ်ရှိ ကျေးရွာအချို့တွင် မိုးရွာသွန်းမှု မရှိ၍ နွားစာအခက်အခဲများကြုံတွေ့နေကာ နွားစာအတွင် နီးစပ်ရာမြို့များသို့ သွားရောက် ဝယ်ယူခြင်း နှုတ်ယူသယ်ဆောင်ခြင်းများဖြစ်နေပြီ နွားစာအတွက် အခက်အခဲကြုံတွေ့နေရ၍ မိုးကျရန်ဒေသခံများ မျှော်လင့်လျက်ရှိသည်။
ဘိုဘို(မလှိုင်)


