ကွာလာလမ်ပူ ၂၂ မတ်
မတ်လ ၂၁ ရက်နေ့က မလေးရှားနိုင်ငံ မလက္ကာ ရေလက်ကြားမှာ သဲတူးဖော်ရေး ရေယာဉ်တစ်စီး နစ်မြှုပ်မှုကြောင့် ရေယာဉ်ပေါ်ပါ အမှုထမ်း ၁၄ ဦး ပျောက်ဆုံးနေပြီး တစ်ဦးသေဆုံးကြောင်း မလေးရှား ကမ်းခြေစောင့်တပ်က ထုတ်ပြန်ထားပါတယ်။
ရေယာဉ်ပေါ်မှာ တရုတ်လူမျိုး ၁၆ ဦး၊ မလေးရှားလူမျိုး တစ်ဦးနဲ့ အင်ဒိုနီးရှား လူမျိုးတစ်ဦး စုစုပေါင်း ၁၈ဦး ပါရှိကြောင်း သိရပါတယ်။ သုံးဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဦးသေဆုံးကြောင်းနဲ့ ကျန် ၁၄ ဦးပျောက်ဆုံးနေကြောင်း Malaysian Maritime Enforcement Agency (MMEA )၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ အသက်ရှင်သူ သုံးဦးနဲ့ သေဆုံးသူ တစ်ဦးဟာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
(MMEA)၏ ပြောရေးဆိုခွင့်ရှိသူ ဇူကိုင်ဖိလိအာဘူဘာကာရဲ့ ပြောကြားချက်အရ မလေးရှား ရေကြောင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေကြောင်း သိရိပါတယ်။
JBB RONG CHANGE 8 အမည်ရှိ အဆိုပါသင်္ဘောဟာ ဂျိုဟာပြည်နယ် တောင်ပိုင်း ရေမိုင် ၈.၅ နော့တီကယ်မှာ နစ်မြှုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒေသစံတော်ချိန် မနက် ၈ နာရီ ၅၀ မိနစ် မှာ အရေးပေါ် ခေါ်ဆိုမှု လက်ခံရရှိခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား -ဆင်ဟွာ