မလေးရှားပြည်သူများအား မြောက်ကိုရီးယားသို့ ခရီးမသွားရန် တားမြစ်

ကွာလာလမ်ပူ ၂၈ စက်တင်ဘာ

မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီယား တိုးမြှင့်စမ်းသပ်မှုတို့ကြောင့် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ အရှိန်မြင့်တက်လာပြီးနောက် မလေးရှားနိုင်ငံမှ ပြည်သူများအား မြောက်ကိုရီးယားသို့ သွားရောက်မှုကို တားမြစ် ပိတ်ပင်လိုက်ကြောင်း ယနေ့နံနက်က ပြောခဲ့သည်။

မလေးရှားနိုင်ငံသည် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေးရှိသော နိုင်ငံအနည်းအကျဉ်းထဲမှ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ သို့သော်လည်း ယခုနှစ်အစောပိုင်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ချုံအန်၏ ညီအကိုဝမ်းကွဲတော်သူကို ကွာလာလမ်ပူလေဆိပ်၌ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ၎င်းတို့၏ ဆက်ဆံရေးမှာ အဖုအထစ်များရှိနေခဲ့သည်။ ပုံမှန်အခြေအနေ ရောက်ရှိမှသာ မြောက်ကိုရီးယားသို့ သွားလာခွင့်ကို ပြန်လည်သုံးသပ်မည် ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် မလေးရှားဘောလုံးအသင်းအနေနှင့်လည်း အာရှဖလားပွဲအတွက် ပြုံယမ်းတွင် မြောက်ကိုရီးယားနှင့် ယှဉ်ပြိုင်မည့် ဘောလုံးပွဲစဉ်ကို လုံခြုံရေးအခြေအနေကြောင့် နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပြီး ဖြစ်ပါသည်။ လာမည့် အောက်တိုဘာ ၅ ရက်တွင် ယှဉ်ပြိုင်မည့် ပွဲစဉ်ကိုလည်း မြောက်ကိုရီးယားသို့ သွားလာရန် တားမြစ်ထားသောကြောင့် မလေးရှား ဘောလုံးအသင်းအား သွားရောက်ရန် ခွင့်ပြုမှုမှာ မသေချာသေးကြောင်း သိရသည်။

(ရိုက်တာ)