မလေးရှားနိုင်ငံ အပန်းဖြေစခန်းတစ်ခု၌ ပျောက်ဆုံးသွားသော အိုင်ယာလန်နိုင်ငံသူအား သေဆုံးလျက် ပြန်လည်တွေ့ရှိ

ကွာလာလမ်ပူ  ၁၄ ဩဂုတ်   

မလေးရှားနိုင်ငံ   အပန်းဖြေစခန်း တစ်ခုမှ      ပျောက်ဆုံးသွားသော အိုင်ယာလန်နိုင်ငံသူ ဆယ်ကျော် သက်မိန်းကလေးတစ်ဦး၏ အလောင်းအား တောအုပ်တစ်နေရာ၌      ဝတ်လစ်စလစ်ဖြင့်  တွေ့ရှိခဲ့ကြောင်း  ယနေ့သတင်းများအရ သိရသည်။

အဆိုပါ      ပျောက်ဆုံးခဲ့သော မိန်းကလေးအား ၁၀ ရက်ခန့် ရှာဖွေမှုများပြုလုပ်ခဲ့ပြီးနောက်  ယနေ့ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရှာဖွေရေးရဟတ်ယာဉ်တစ်စင်းက ယင်းမိန်းကလေး၏  အလောင်းအား မလေးရှားတောအုပ်အတွင်း၌ တွေ့ရှိခဲ့ပြီးနောက်     နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။ ၄င်း၏မိဘများက အဆိုပါမိန်းကလေးသည် အသက်၁၅ နှစ်အရွယ် ၄င်းတို့၏သမီးဖြစ်သူ နိုရာကွာရိုရင်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဩဂုတ် ၄ ရက်က နိုရာကွာရိုရင်သည် ကွာလာလမ်ပူမြို့နှင့်  မလှမ်းမကမ်းရှိ   ဒူဆန်အပန်းဖြေစခန်း၌ သူ၏မိဘများနှင့်အတူ  လာရောက်အပန်းဖြေစဉ်        ပျောက်ဆုံးသွားခဲ့သည်။

နိုရာ ကွာရိုရင်အား      ပြန်ပေးဆွဲခေါ်ဆောင်သွားဖွယ်ရှိသည်ဟု ၄င်း၏မိဘများက  ထင်မြင်ယူဆကြသည်။ သို့သော် ရဲအရာရှိများက လူပျောက်ဆုံးမှုဖြင့် အမှုဖွင့်ထားကြောင်း သိရ သည်။

ရဟတ်ယာဉ်များ၊      မောင်းသူမဲ့လေယာဉ်များ၊ အနံ့ခံခွေးများ၊ ရေငုပ်သမားများအပါအဝင် လူ ၃၅၀ ကျော်ပါဝင်သည့် ရှာဖွေရေးအဖွဲ့က အပန်းဖြေစခန်းအနီးရှိ      တောအုပ်များ အတွင်း၌ နိုရာ ကွာရိုရင်အား ရှာဖွေခဲ့ကြသည်။

နိုရာ ကွာရိုရင်၏ မိဘများက ရင်းဂစ်ငါးသောင်း   (ဒေါ်လာ ၁၁၉၀ဝ)  ကိုဆုကြေးငွေအဖြစ် သတ်မှတ်ကြေညာ ခဲ့ပြီးနောက်  တစ်ရက်အကြာတွင်နိုရာ ကွာရိုရင်၏      အလောင်းအား အပန်းဖြေစခန်းမှ  ၁  ဒသမ  ၅  မိုင်အကွာအဝေးရှိ လျှိုတစ်ခုစမ်းချောင်း အတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နိုရာကွာရိုရင်သည်  သင်ယူမှုနှင့်ဆက်ဆံပြောဆိုခြင်းဆိုင်ရာ အားနည်းချက်ရှိသော ကလေးငယ်တစ်ဦးဖြစ်ကြောင်း မိဘများ၏ ပြောကြားချက်အရ သိရသည်။

၄င်းပျောက်ဆုံးသွားသည့်နေ့တွင်နိုရာ ကွာရိုရင်နှင့်သူ၏      မိဘများ တည်းခိုရာ  တစ်ထပ်တိုက်၏ ပြတင်း ပေါက်တစ်ခု ပွင့်လျက်ရှိနေသည်ကိုတွေ့ရှိခဲ့ကြောင်း  ရဲအရာရှိများက ဆိုသည်။

အဆိုပါအမှုနှင့်    ပတ်သက်ပြီး ရဲအရာရှိများက စုံစမ်းစစ်ဆေးမှုများ ဆက်လက်    လုပ်ဆောင်လျက်ရှိသည်။

ကိုးကား- အေအက်ဖ်ပီဘာသာပြန်- အောင်ကျော်ကျော်