မလေးရှားအစိုးရသစ်အဖွဲ့ဝန်ကြီးတွေရဲ့ လစာ ၁၀ % ဖြတ်မယ်

၂၃ မေ

ရွေးကောက်ပွဲနိုင်ပြီးတက်လာတဲ့ မလေးရှားအစိုးရအဖွဲ့ဝင် ဝန်ကြီးလစာ ရဲ့ ၁၀ % ကိုဖြတ်မယ်လို့ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒီကနေ့ ကြေငြာလိုက်ပါတယ်။ 

ပူထရာ ဂျာယာမှာ ကျင်းပနေတဲ့ ပထမအကြိမ် ဝန်ကြီးများ အစည်းဝေးအပြီးမှာ မဟာသီယာက မီဒီယာကို အခုလို ပြောလိုက်တာဖြစ်ပါတယ်။  အစိုးရရဲ့ ကြွေးမြီ အမေရိကန် ဒေါ်လာ ဘီလီယမ် ၂၅၀ ကို ဘယ်လိုမျိုး ဖြေရှင်းကြမလဲ ဆိုတာကို လည်း ဆွေးနွေးဖြစ်ခဲ့တယ်လို့ မဟာသီယာက ပြောပါတယ်။ 

ဒါ့အပြင် အရင်အစိုးရ လုပ်ခဲ့တဲ့ စီမံကိန်းတချို့ကို ဖျက်သိမ်းဖို့လည်းရှိနေပါတယ်။ ဥပမာပြောရရင် စင်္ကာပူ-ကွာလာလမ်ပူ ကို ဆက်သွယ်ထားတဲ့ အမြန်ရထားစီမံကိန်းကို ဆက်လုပ်ဖြစ်မလား မလုပ်ဖြစ်ဘူးလားဆိုတာကို သိပ်မကြာခင်မှာ ဆုံးဖြတ်မယ်လို့ ပြောသွားပါသေးတယ်။ 

မလေးရှားလေကြောင်းလိုင်းပိုင် ပျောက်ဆုံးခဲ့သော MH370 လေယာဉ်ရှာဖွေရေး စာချုပ်ကိစ္စနဲ့ပတ်သတ်ပြီးလည်း စာချုပ်ကို ပြန်လည်သုံးသပ်မယ်၊ ဖျက်ဖို့ လိုအပ်ရင် ဖျက်မယ်လို့ ပြောကြားပါတယ်။  နောက် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု အခွန် (GST)ကိုလည်း ဇွန် ၁ ရက်နေ့ မတိုင်ခင် ပယ်ဖျက်မယ်လို့ ဝန်ကြီးချုပ်သစ်က ပြောကြားသွားပါတယ်။ 

MDN
ကိုးကား- CNA