မကွေးတိုင်း၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ယမန်နှစ်ကထက် ၆ ရာခိုင်နှုန်း လျော့ကျသည့်အပြင် အောင်ချက်ရာနှုန်း သုညဖြစ်သည့်ကျောင်း (၁၆)ကျောင်းရှိနေ

မကွေး ၂  ဇွန်

 

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန်လ၂ ရက်နေ့တွင်ထွက်ရှိခဲ့သည့် အခြေအနေအရ မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ ယမန်နှစ်ကထက် ၆ ရာခိုင်နှုန်းထိ လျော့ကျသွားခဲ့ပြီး  အောင်မြင်မှုလုံးဝမရှိသည့် အောင်ချက် ရာနှုန်း သုညဖြစ်နေသည့် ကျောင်း(၁၆)ကျောင်းရှိနေကြောင်း မကွေးတိုင်းအခြေခံပညာဦးစီးဌာန တိုင်းပညာရေးမှူး ဦးအောင်မြင့်က မကွေးဒေသခံမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားချက်အရ သိရသည်။

 

“ ၂၀၁၈ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲမှာ  စာစစ်ဌာန(၁၆၀)၊ ဖြေဆိုသူ(၇၇၂၂၀)ဦး ရှိပြီးတော့ ဒီနေ့အောင်စာရင်းအရ အောင်မြင်သူ(၂၄၄၉၀)ဦး၊ အောင်ချက်က(၃၁ ဒသမ ၇၁၄၂)ရာခိုင်နှုန်းဖြစ်ပါတယ်။ မနှစ်က ဖြေဆိုသူ (၇၀၂၉၁)ဦးရှိပြီး အောင်မြင်သူ(၂၆၇၀ဝ)ဦး ရှိခဲ့ပါတယ်။ အောင်ချက်က (၃၇ ဒသမ ၉၈)ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒီနှစ် အောင်ချက်က မနှစ်ကထက် ခြောက်ရာခိုင်နှုန်းလျော့ပါတယ်။  မနှစ်က အောင်ချက်သုညရာနှုန်းကျောင်း ၁၀ ကျောင်းရှိခဲ့ပါတယ်။ ဒီနှစ်မှာ အောင်ချက်ရာနှုန်း သုညဖြစ်ခဲ့တဲ့ကျောင်းက ၁၆ ကျောင်းပါ ” ဟု မကွေးတိုင်း ပညာရေးမှူးက အတည်ပြုပြောကြားသည်။

 

အောင်ချက်သုညရာနှုန်းဖြစ်ခဲ့သည့် ကျောင်းများမှာ မကွေးမြို့နယ် အထက(ခွဲ)ညောင်ကန်၊ ချောက်မြို့နယ် အထက(ခွဲ) နရွဲတော၊ တောင်တွင်းကြီးမြို့နယ်(အထက)တက်ပုအောင်၊ နတ်မောက်မြို့နယ်အထက(ခွဲ)လေးအိမ်၊ နတ်မောက်မြို့နယ်အထက(ခွဲ)ဖက်သန်းတောင် ၊မြို့သစ်မြို့နယ်အထက(ခွဲ)ဂွေ့ကြီး၊ မြိုင်မြို့နယ်အထက(ခွဲ)ချောင်းဆုံ၊ မြိုင်မြို့နယ် အထက(ခွဲ)မြို့စိုး၊ မြိုင်မြို့နယ်အထက(ခွဲ)ဝယ်တောင် (တောင်ကျောင်း)၊ ရေစကြိုမြို့နယ်အထက(ခွဲ)ရွှေလှံ၊ ရေစကြိုမြို့နယ် အထက(ခွဲ)သာစည်၊ သရက်မြို့နယ်အထက(ခွဲ)တလပါး၊ သရက်မြို့နယ်အထက(ခွဲ)အလတ်လယ်၊  ကံမမြို့နယ် အထက(ခွဲ) ကျောက်မ၊ မင်းတုန်းမြို့နယ်အထက(ခွဲ)ထန်းပင်ကုန်း၊ မင်းတုန်းမြို့နယ် အထက(ခွဲ) အလယ်ချောင်းတို့ဖြစ်ကြောင်းသိရသည်။

 

မကွေးတိုင်းအတွင်းဂုဏ်ထူးဖြင့်အောင်မြင်သူ(၆၉၀၆)ဦးရှိပြီး အောင်ချက်အများဆုံးမြို့မှာမကွေးမြို့၊ အောင်ချက် အနည်းဆုံးမြို့မှာ ဆောမြို့ဖြစ်ကြောင်း၊ အောင်ချက်သုညရာနှုန်းဖြစ်ရသည့် အကြောင်းအရာများကိုအဖြေရှာ၍ မိဘ၊ဆရာပူးပေါင်းကာ အောင်မြင်မှုများရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သိပ္ပံဘာသာတွဲယူသူများသာမက ဝိဇ္ဇာတွဲတွင် ဂုဏ်ထူး ထွက်သူများစွာရှိနေသည့်အတွက် မည်သည့်ဘာသာတွဲကိုယူယူ မိမိကြိုးစားမှုသာအဓိကဖြစ်ကြောင်း မကွေးတိုင်းပညာရေးမှူးက ပြောသည်။

 

ဇေယျတု(မကွေး)