မကွေးတိုင်းဒေသကြီးရှိ ဆည်မြောင်းတာတမံများ နှင့် ကျေးလက်ဆည်ကန်တမံများအား ငွေကျပ်သန်း ၉၆၀ဝကျော်အသုံးပြု၍ ပြုပြင်တည်ဆောက်နေ

မကွေး ၁၆ မေ 

မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆည်မြောင်းတာတမံများနှင့် ကျေးလက်ဆည်၊ ကန်၊ တမံများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်၌ ပြည်ထောင်စုနှင့်တိုင်းဒေသကြီးရန်ပုံငွေကျပ်သန်း ၉၆၀ဝ ကျော် အသုံးပြုလုပ်ဆောင်နေကြောင်း သိရသည်။

 

21650

 

ပြည်ထောင်စုရန်ပုံငွေကျပ် သန်း  ၃၁၂၀ နှင့် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၆၅၅၅.၉၄၁၄) သန်း ၊ စုစုပေါင်း ရန်ပုံငွေ (၉၆၇၅.၉၄၁၄) သန်း အသုံးပြုကာ မကွေးတိုင်းဒေသကြီးအတွင်းရှိပြည်သူများ စိုက်ပျိုးရေရရှိရေး ၊ ကျေးလက်ဒေသ သောက်သုံးရေအဆင်ပြေရေးတို့အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ 

 

20180

 

“ ကျေးလက်က ထိန်းသိမ်းထားတဲ့ ဆည်ကန်လေးတွေ ၊ တမံငယ်လေးတွေကို ပြုပြင်ပေးနေပါတယ်။ ဒီလိုပြုပြင်ပေးတဲ့အတွက်ကြောင့် ဒေသမှာ ပြည်သူတွေရဲ့ သောက်သုံးရေရော၊စိုက်ပျိုးရေရော ရရှိအောင်ဆောင်ရွက် ပေးနိုင်တာပေါ့။ ဌာနကထိန်းသိမ်းထားတဲ့ ဆည်ကန်တွေကိုလည်း  စိုက်ဧကတွေကို ရေလုံလုံလောက်လောက် ပေးဝေနိုင်အောင် နှစ်စဉ်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။ ဆည်တမံတွေနဲ့ပတ်သက်တဲ့ လစဉ်၊အပတ်စဉ်စစ်ဆေးမှုတွေ ဆောင်ရွက်ပြီး ထူးခြားမှုတွေကို တင်ပြအစီရင်ခံတာတွေလည်း လုပ်ဆောင်နေပါတယ် ” ဟု ဆည်မြောင်းနှင့်ရေအသုံးချ မှု စီမံခန့်ခွဲရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးသောင်းထိုက်က ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း၌ မကွေးတိုင်းဒေသကြီးရန်ပုံငွေများထဲမှ ငွေကျပ် (၅၅၇၂.၉၂၁) သန်းဖြင့် ကျေးလက်ဒေသ ဆည်၊ကန်၊တမံများ နှင့် ပတ်သက်သည့် ရေသောက်စနစ်လုပ်ငန်း(၁၂၁)ခု ၊ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်း (၆၆)ခု ၊ အခွန်ဝေစုရငွေကျပ် (၉၅၃.ဝ၂၀၄)သန်းဖြင့် လုပ်ငန်း(၂၄) ခု ၊ ဘေးအန္တရယ်ဆိုင်ရာရန်ပုံငွေ ငွေကျပ်သန်း (၃၀) ဖြင့် လုပ်ငန်းတစ်ခုတို့ကို ဆောင်ရွက်လျက်ရှိသည်။ 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ်သန်း(၂၁၂၀) ဖြင့် ဆည်မြောင်းတာတမံများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း(၁၁၆) ခု ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း(၇၆) ခု ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း ၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ(ငွေလုံးငွေရင်း)ကျပ်သန်း(၇၅၀) ဖြင့် ရေပိုလွှဲပြုပြင်ခြင်းနှင့်အကူရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်းများ ၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ(ငွေလုံးငွေရင်း) ကျပ်သန်း(၂၅၀) ဖြင့် ကြီးအုံကြီးဝရေလှောင်တမံပြုပြင်ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဇေယျတု(မကွေး)