မကွေးတိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆမှု ကျေးရွာလမ်းများ၌ ဖြစ်ပွားမှုများပြား

မကွေး ၄ ဇွန်

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ယာဉ်မတော်တဆ ဖြစ်ပွားမှုများအနက် ကျေးရွာလမ်းများတွင် ၁၁၉ မှုဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၄၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၆၀ ဦးရှိရာ လမ်းများအလိုက် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုများတွင်  ကျေးရွာလမ်းများ၌  အများဆုံးဖြစ်ကြောင်း သိရသည်။

 

11

 

မြို့တွင်းလမ်းများတွင် ယာဉ်တိုက်မှု ၁၀၆ ကြိမ်ဖြစ်ပွားခဲ့ရာ ဒုတိယအများဆုံးဖြစ်ပြီး၊  သေဆုံးသူ ၁၈ ဦး၊ ဒဏ်ရာရရှိသူ ၁၆၉ ဦး  ရှိခဲ့သည်။  တောင်တွင်းကြီး - နတ်မောက်လမ်း၊ ပခုက္ကူ - ရေစကြိုလမ်း၊ အောင်လံ - ပြည် - မကွေးလမ်း၊ မင်းဘူး - စလင်း လမ်းများတွင်လည်း ယာဉ်တိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှု အနည်းငယ်များပြားကြောင်း သိရသည်။

 

22

 

ယာဉ်တိုက်မှုဖြစ်စဉ်များတွင်    မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်တစ်စီးတည်း   မတော်တဆဖြစ်ခြင်း၊ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်မှ  ခြေလျင်လျှောက်သူအား တိုက်မိခြင်း၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင် ကယ်တိုက်မိခြင်း၊ မော်တော်ဆိုင်ကယ်အချင်းချင်း တိုက်မိခြင်း စသည့် မတော်တဆမှု ဖြစ်စဉ်များတွင်  မော်တော်ဆိုင်ကယ်ဖြင့်  ယာဉ်မတော်တဆမှုဖြစ်ပွားမှုမှာ အများဆုံးဖြစ်ပြီး၊ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု များပြားကြောင်း သိရသည်။

 

33

 

ကျေးလက်လမ်း ယာဉ်တိုက်မှုဖြစ်စဉ်များ လျော့နည်းစေရေးအတွက် ကျေးရွာများတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ   တိုးမြှင့်ဆောင်ရွက်နိုင်ရေးကို ဇွန် ၃ ရက်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် တိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

44

 

တိုင်းဒေသကြီး(ပြန်/ဆက်)