မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ အထူးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ဧပြီ ၂၇

ဆီထွက်သီးနှံများ တိုးမြှင့်ထုတ်လုပ်ရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံများနှင့် ဝါသီးနှံအထူးဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ၂၅ရက် နံနက်ပိုင်းက မကွေးတိုင်း ဒေသကြီး၊ စိုက်ပျိုးရေး ဦးစီးဌာန၊ အစည်းဝေးခန်းမတွင်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မကွေးတိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ ဆီထွက်သီးနှံဇုန်တာဝန်ခံများ တက်ရောက်ကြသည်။

ဉီးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်အတွင်း စိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများကို ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းဖူလုံမှုရှိစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံများ အထူးဇုန်များ လျာထားသတ်မှတ် စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်း၏ ရှေ့ပြေး လုပ်ငန်းစဉ်အဖြစ် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်း၊နေကြာ ဆီထွက်သီးနှံ (၃)မျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစု ပံ့ပိုးပေးသည့်စနစ်ဖြင့် စီမံကိန်း ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ လာမည့်မိုးနှင့်ဆောင်း ဆီထွက်သီးနှံများ ပိုမိုထွက်ရှိအောင် မြင်စေရန်အတွက် ဆီထွက်သီးနှံ အထူးအထွက်တိုးဇုန်များ သတ်မှတ်၍ ဇုန်တာဝန်ခံများ ခန့်အပ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆီထွက်သီးနှံ အထူးအထွက် တိုးရေးဇုန်တာဝန်ခံ များ၏ လုပ်ငန်းတာဝန်များအနေဖြင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အထူးဇုန်လျာထားဧက ပြည့်မီရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီး နှံများ စိုက်ဧကမှန်ကန်ရေး ၊ သီးနှံအထွက် မှန်ကန်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ဇုန်တာဝန်ခံများနှင့် မြို့နယ်တာဝန်ခံများအနေဖြင့် အောက်အခြေအထိ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း။

သီးနှံစိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းအဆင့်တိုင်းတွင် အချိန်မီဆောင်ရွက်ရန် တိုင်း၊ ခရိုင်နှင့် မြို့နယ်များမှ စီမံကိန်း အကောင်အထည်ဖော်သည့် အဖွဲ့များကို အနီးကပ် ကြီးကြပ် ဆောင်ရွက်ခြင်း၊ လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ ထွန်ယက်ရေးနှင့် စိုက်ပျိုးရေ၊ နည်းပညာတို့ကို သီးနှံအတွက် လိုအပ်ချိန်တွင် ပံ့ပိုးပေးနိုင်ရေး၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက် ချေးငွေများ ထုတ်ချေးနိုင်ရေး၊ ထွက်ရှိ လာသော သီးနှံများ ဈေးကွက်ရရှိရေးစသည့် လုပ်ငန်းများကို သက်ဆိုင်ရာအဆင့် အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ဧက၊ အထွက်နှုံး စသည့် ကိန်းဂဏန်း အချက်အလက်များကို တိတိကျကျ မှတ်တမ်းတင် ကြရန် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် အထွက်နှုန်း ကောင်းမွန်သည့်မျိုးစေ့ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရေးကို ဒေသအလိုက် စိစစ်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အလားတူ အထူးဇုန်ပြင်ပရှိ စိုက်ဧကများကိုလည်း အထွက်နှုံးများ ကျဆင်းမှုမရှိစေရေးနှင့် မူလအထွက်နှုံး ရရှိရေးကိုလည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးများက မကွေးတိုင်းဒေသကြီးအတွင်း အသားတင် စိုက်ပျိုးနိုင်သည့် အခြေအနေများကိုရှင်းလင်း တင်ပြပြီး ဝါသီးနှံတိုးချဲ့ စိုက်ပျိုးရေး အတွက် မကွေးတိုင်းဒေသကြီးအတွင်း ဇုန်(၁)၊ ဇုန်(၂)၊ ဇုန်(၃)၊ .ဇုန်(၄)အဖြစ် ဧက(၂)သိန်း (၆)သောင်း ကျော် လျာထားဆောင်ရွက်မှုကိုလည်းကောင်း၊ ဆီထွက်သီးနှံ  အထူးဇုန်(၁)နှင့် ဇုန်(၂) တာဝန်ခံများနှင့် ခရိုင်၊ မြို့နယ်တာဝန်ခံများမှ မိမိတို့ ဒေသအလိုက် စိုက်ပျိုးလျာထားမှုနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာဌာနများအလိုက် ကွင်းဆင်းဆောင်ရွက်ပူပေါင်းရမည့် လိုအပ်သည်များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ဆီထွက်သီးနှံများ အထူးဇုန်သတ်မှတ်၍ လျာထားဧက ပြည့်မီအောင် အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သတ်မှတ်ပန်းတိုင် အထွက်နှုံးရရှိနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်