မကွေးမြို့ မြသလွန်ဘုရားကွင်း၌ တန်ဆောင်မုန်းလပြည့်နေ့တွင် သီလရှင်အပါး(၅၀၀)နှင့်အခြေခံလူတန်းစား အိမ်ထောင်စု(၄၅၀၀)ခန့်အား ဆန်များပေးအပ်လှူဒါန်း

မကွေး             နိုဝင်ဘာ           ၇

            မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ တန်ဆောင်မုန်းလပြည့်နေ့တွင် မကွေးမြို့ သီလရှင်ကျောင်းများရှိ သီလရှင်အပါး(၅၀၀)နှင့် အခြေခံလူတန်းစားအိမ်ထောင်စု(၄၅၀၀)ခန့်အား ဆန်ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီအချိန်က မြသလွန်ဘုရားကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်ဇနီး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များနှင့် ပရဟိတလူမှုအဖွဲ့အစည်းများ တက်ရောက် ခဲ့ကြောင်း သိရသည်။

            ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သီလရှင် အပါး(၅၀၀)နှင့်  အခြေခံလူတန်းစား အိမ်ထောင်စု(၄၅၀၀)၊ စုစုပေါင်း(၅၀၀၀)ခန့်အား အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်နှုန်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းဖြစ်သည့် နှာခေါင်းစည်း (Mask)များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

            မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ စေတနာရှင် အလှူရှင်များ၏ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

                                                                                                                                    ကိုစည်သူ(မကွေး)