မျက်စိနဲ့ဦးနှောက်အစားထိုးကုသမှု လက်ရှိဆေးပညာနယ်ပယ်တွင် စွမ်းဆောင်နိုင်မှု အတိုင်းအတာထက် ကျော်လွန်နေကြောင်း အောက်စ်ဖို့ဒ်တက္ကသိုလ်မှ အစားထိုးကုသမှု ခွဲစိတ်ဆရာဝန် ဒေးဗစ်နာ့(စ်)ရဲလာ ပြောကြား

၃၀ ဧပြီ

 

ကမ္ဘာ့ ပထမဆုံး ကိုယ်တွင်း အင်္ဂါအစားထိုး ကုသမှုအဖြစ် ၁၉၅၄ ခုနှစ်က ကျောက်ကပ်အစားထိုး ကုသမှုကို အောင်မြင်စွာ ကုသနိုင်ခဲ့ရာကနေ ပြီးခဲ့တဲ့လက ဒဏ်ရာရ စစ်သားတစ်ဦးရဲ့ ကပ်ပယ်အိတ်နဲ့ မျိုးပွားအင်္ဂါအချို့ကို ပြန်လည်အစားထိုး ကုသနိုင်တဲ့အထိ နည်းစနစ်တွေ တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။

 

မကြာသေးခင်ကပဲ ပြင်သစ်အမျိုးသားတစ်ဦးဟာ နှစ်ကြိမ်မြောက် မျက်နှာအစားထိုး ကုသမှု ခံယူခဲ့သူ ဖြစ်လာခဲ့ပြီး နောက်ထပ်သမိုင်းဝင်ခဲ့တဲ့ အောင်မြင်မှုကတော့ ခန္ဓာကိုယ်အရေပြား ၉၅ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားတဲ့သူကို အမြွှာညီအစ်ကိုထံမှတစ်ဆင့် အရေပြားပြန်လည် အစားထိုး ကုသနိုင်ခဲ့ပါတယ်။

 

ဒီနေ့အချိန်မှာ နှလုံး၊ အသည်း၊ အဆုတ် အစရှိတဲ့ အရေးကြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အစားထိုး ကုသမှုအတွက် ကန့်သတ်ချက်တွေ နည်းပါးလာသလို လူတစ်ယောက်ဟာ သားအိမ်ကအစ လက်အသစ်ရနိုင်တဲ့အထိ အစားထိုးကုသနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ အစားထိုးကုဖို့အတွက်တော့ ကန့်သတ်ချက်တွေ ရှိနေဆဲပါပဲ။

 

 

ဦးနှောက် အစားထိုးလဲလှယ်မှု

 

ကျွမ်းကျင်ပညာရှင်များရဲ့ ပြောကြားချက်အရ ဦးနှောက် အစားထိုးကုသမှုဟာ နည်းပညာအရ လည်းကောင်း၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်များအရ လည်းကောင်း အလှမ်းဝေးသေး ကြောင်း သိရပါတယ်။ 

 

“အာရုံကြောနဲ့ ဆက်စပ်နေတဲ့ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုက စိန်ခေါ်မှု အများဆုံးပဲ။ အာရုံကြောဆိုင်ရာ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ထိရောက်တဲ့ နည်းပညာလည်း ကျွန်တော်တို့မှာ မရှိသေးဘူး။ ဒါ့ကြောင့် မျက်စိနဲ့ ဦးနှောက် အစားထိုးကုသမှုဟာ လက်ရှိ ဆေးပညာနယ်ပယ်ရဲ့ စွမ်းဆောင်နိုင်မှု အတိုင်းအတာထက် ကျော်လွန်နေတယ်” လို့ အောက်စ်ဖို့ဒ် တက္ကသိုလ်က အစားထိုးကုသမှု ခွဲစိတ်ဆရာဝန် ဒေးဗစ်နာ့(စ်)ရဲလာ ကပြောပြ ပါတယ်။

 

အာရုံကြောတွေဟာ သတင်းအချက်အလက်တွေကို ခန္ဓာကိုယ်တွင်းဖြတ်သန်းပြီး ဦးနှောက်နဲ့ ပင်မကျောရိုးကြား၊ ကြွက်သားများနဲ့ အခြားကိုယ်တွင်း အင်္ဂါများကြားမှာ လျှပ်စစ်ဖြတ်သန်း စီးဆင်းသလို သယ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

 

မကြာသေးခင်က အီတလီ-တရုတ် တွဲဖက်ခွဲစိတ်ပါရဂူတွေက လူတစ်ဦးရဲ့ ဦးခေါင်းကို အခြား အလှူခံရရှိထားတဲ့ ခန္ဓာကိုယ်မှာ ပြန်လည်တပ်ဆင်ဖို့ လုပ်ထုံးလုပ်နည်းများအရ ဘာတွေ ဖြစ်လာမလဲဆိုတာ စီစဉ်နေကြောင်း သိပ္ပံလောကကို ဦးတည်ချပြခဲ့သလို ဒါဟာ လူနာသေဆုံး နိုင်ခြေ မြင့်မားတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ အာရုံကြောအမျှင်တွေကို ပင်မကျောရိုးနဲ့ ချိတ်ဆက်နိုင်ဖို့က သံသယဖြစ်စရာများပါတယ်။ အခြားအရာတွေထက် အဲဒီခွဲစိတ်မှုမှာ ဘယ်သူပါဝင်မှာလဲ။ ဦးနှောက် တစ်ခုတည်းကိုပဲလား အစရှိတဲ့ တာဝန်ယူရမယ့် မေးခွန်းတွေ ပေါ်ထွက်လာပါတယ်။

 

မူလခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်က ဝိသေသလက္ခဏာများအရ ခွဲခြားသတ်မှတ်ပြီး အလုပ်လုပ် နိုင်သေးရင်တောင်မှ နောက်ထပ် အလှူခံရရှိထားတဲ့ ခန္ဓာကိုယ်အသစ်နဲ့ ပဋိပက္ခတွေ ကြုံတွေ့ ရနိုင်တယ်လို့ ဇီဝဗေဒပညာရှင် အန်တိုကာတိုလော့ဗ်နီနဲ့ အန်တိုနီယို စပါ့ဂ်နိုလိုတို့က ရေသား ခဲ့ကြပါတယ်။ အလားတူ ပြဿနာတွေကို လက်နဲ့ မျက်နှာ အစားထိုး ခွဲစိတ်ကုသမှုတွေမှာလည်း တွေ့ရလေ့ရှိပါတယ်။  လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုဟာ စိတ္တဇရောဂါလို ကြီးမား တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေပြီး သေဆုံးမှုအထိပါ ဖြစ်စေနိုင်ပါတယ်။

 

တိရစ္ဆာန် အင်္ဂါများ အစားထိုးကုသလာခြင်း

 

ကိုယ်တွင်းအင်္ဂါအလှူရှင် ဆိုးရွားစွာ ရှားပါးလာမှုကြောင့် လူ့အသက်ကိုကယ်ဖို့ တိရစ္ဆာန်များရဲ့ နှလုံး၊ အဆုတ်နဲ့ အသည်း အစရှိတာတွေကို ဆေးသိပ္ပံလောကမှာ သန့်စင်အသုံးပြုလာရပါတယ်။ မျိုးစိတ်မတူတဲ့ ကိုယ်တွင်းအင်္ဂါအစားထိုး ခွဲစိတ်ကုသမှုမှာ လက်ခံသူအနေနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို လက်ခံနိုင်ဖို့ အတော်ခက်ခဲပါတယ်။

 

“ချင်ပန်ဇီမျောက်ရဲ့ ကျောက်ကပ်နဲ့ နမူနာ ကြိုးစားကြည့်ခဲ့ဖူးတယ်။ ဒါပေမယ့် အင်္ဂါအစိတ်အပိုင်း က ရက်ပိုင်းအတွင်းမှာပဲ ပျက်စီးသွားခဲ့တယ်။ မျိုးစိတ်နှစ်ခုကြားက ကွာခြားမှုကို မချိုးဖျက်နိုင်ဘူး”  လို့ ပြင်သစ်နိုင်ငံ ဇီဝဆေးဘက်ဆိုင်ရာ အေဂျင်စီမှ အိုလီဗီယာ ဘတ်စတိန်းကပြောခဲ့ပါတယ်။

 

ဒါဟာ ကူးစက်ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်တဲ့ ကိုယ်ခံစွမ်းအားကို တွန်းအားပေးမယ့် မျိုးစိတ်အား ပြုပြင်မွမ်းမံရန်အတွက် သိပ္ပံပညာရှင်တွေ သင်ယူနိုင်မယ့် အခွင့်အလမ်းဖြစ်ပါတယ်။ လူသားရဲ့ ကိုယ်ခံစွမ်းအားတုံ့ပြန်မှုကို လက်ခံနိုင်ဖို့ ကိုယ်အင်္ဂါအစိတ်အပိုင်း ရယူမယ့် တိရစ္ဆာန်ရဲ့ မျိုးစိတ်ကို ပြုပြင်နိုင်ရန် ဦးတည်ကြိုးစားလာသလို တိရစ္ဆာန်ကနေ ရောဂါပိုးမွှားတွေ မကူးစက်အောင်လည်း တားဆီးရပါတယ်။

 

ကန့်သတ်ချက်တွေ ရှိနေသေးလား

 

အချို့ အင်္ဂါအစိတ်အပိုင်းတွေက နည်းပညာပိုင်းအရ အစားထိုး မကုသနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ နှစ်က ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်ဂျာနယ်မှာ လူ့အသက်မကယ်နိုင်တဲ့ အင်္ဂါအစားထိုး ခွဲစိတ် ကုသမှုများရဲ့ အကျိုးသက်ရောက်မှု အချိုးအစားကို ပြန်လည်သုံးသပ်ကြဖို့ တိုက်တွန်းထား ပါတယ်။

 

နှလုံးနှင့် အဆုတ်အစားထိုး ကုသမှုတွေကနေ ကင်ဆာနဲ့ အခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပေမယ့် လက်၊ မျက်နှာနဲ့ အမျိုးသား မျိုးပွားအင်္ဂါလို အစိတ်အပိုင်းတွေ အစားထိုး ကုသမှုမှာတော့ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေ နည်းပါးပါတယ်။

 

အင်္ဂါအစိတ်အပိုင်း အစားထိုးတယ်ဆိုရာမှာ အသက်ရှင်သန်မှုကို ဦးစားပေးပြီး ရှာဖွေခြင်းထက် စိတ်ပိုင်းဆိုင်ရာ တွေးခေါ်နေခြင်းတွေနဲ့ ပေါင်ခတ်နေကြတယ်ဆိုတဲ့ ငြင်းခုန်မှုတွေကလည်း ရှိနေပါသေးတယ်။

 

ဘာသာပြန် - စိုးမိုးဇော် (MDN)

ကိုးကား - အေအက်ဖ်ပီ