မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်

နေပြည်တော် ၄ ဇွန် 
    

 

မြန်မာနိုင်ငံရှိ မြစ်များတွင်  မုတ်သုန်ရာသီအစ  မိုးဦးကာလ၌  မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်းနှင့်အတူ မြစ်ရေ မြင့်တက်လာမည် ဖြစ်သည်။ မြစ်ရေတက်လာမှုပေါ်မူတည်၍  ရေယာဉ်များ  အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန်အမှတ်အသားများကို ပြသထားမည်ဖြစ်၍ အလေးထား  လိုက်နာကြရန် လိုအပ်သည်။ ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန်အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန်  လိုအပ်သည်။

 


မြစ်ရေ မြင့်တက်လာမှုကြောင့်  ရေနည်းကာလတွင်ရှိခဲ့သော  သောင်နှင့်ကျွန်းများ  ရေမြုပ်၍ ရေမွှာပေါက် ဖြတ်လမ်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထို့အပြင် ရေများကာလတွင် ရေလမ်းများအတွင်း  ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းများ  ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် ရေအနက် မလုံလောက်သော ရေမွှာပေါက် ဖြတ်လမ်းများကို အသုံးပြု ခုတ်မောင်းခြင်း  မပြုကြရန်နှင့် မိမိရေယာဉ်၏ စက်အားနှင့် ရေစီးနှုန်းကို ချင့်ချိန်၍  သတ်မှတ်ရေလမ်းအတိုင်း သတိပြုခုတ်မောင်းကြရန် လိုအပ်သည်။

 


မြစ်ကူးတံတား ရေလမ်းများတွင် ရေယာဉ်များ ဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင် တြိဂံအမှတ်အသား ပြသထားပြီး၊ ညအခါ မီးစိမ်းထွန်း ပြသထားသည်။  မဝင်ရမည့် ရေလမ်းတွင် နေ့အခါ အနီရောင် ကြတ်ခြေခတ်အမှတ်အသား ပြသထားပြီး ညအခါ မီးနီထွန်း ပြသထားသည်။ 

 


ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင် အုတ်ခုံများမှာ ရေမြုပ်နေပြီး ရေလယ်တိုင် (၂)ခုအကြား၌ ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတား   ရေလမ်းကို ဖြတ်သန်းရာတွင် စက်နှင့် တက်မစံနစ်များကို ကြိုတင်စစ်ဆေးပြီး၊ လုံလောက်သော အကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန် ရယူ၍   ဖြတ်သန်းခုတ်မောင်းကြရန်နှင့် တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ် (၂)စီး   ယှဉ်ပြိုင်ခုတ်မောင်းခြင်း မပြုကြရန် လိုအပ်သည်။ အထူးသဖြင့် ရေယာဉ်များသည် မိမိ၏ သယ်ဆောင်ဝန်အားနှင့် စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြု ခုတ်မောင်းကြရမည်ဖြစ်သည်။  မနိုင်ဝန်ကို သယ်ဆောင်ခြင်းမျိုး မပြုကြရန်နှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲ(၁)တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရမည် ဖြစ်သည်။

 

 

ရာသီဥတု ပြောင်းလဲမှုကြောင့် ရုတ်တရက် လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှု ဖြစ်ပေါ်သည့်အခါ ရေယာဉ် အန္တရာယ်မဖြစ်စေရေးအတွက် အထူးသတိပြု   ခုတ်မောင်းကြရန်နှင့် လေပြင်း တိုက်ခတ်စဉ် ရေယာဉ်များ လိုက်နာရမည့်   နည်းဥပဒေများအတိုင်း လိုက်နာကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေလမ်းသတိပေး နှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း  သိရသည်။ 

 


သတင်းစဉ်