မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာ ရဲတပ်ဖွဲ့လိုင်းခန်းသို့ သွားရောက်၍ အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား(Mobile Market)စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန် အမျိုးမျိုး တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုနှင့် အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)မှ ဗဟိုလမ်း ရေမြောင်းအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှု တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား၍ ဈေးရောင်း ဈေးဝယ်သူများကို Mask များ ဝေငှခဲ့သည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ (၇) ရပ်ကွက်ရှိ ဟံသာဝတီ အခွန်လွတ်စျေးသို့ သွားရောက်၍ စျေးရောင်း စျေးဝယ်ပြုလုပ်နေမှုနှင့် ဈေးသန့်ရှင်းရေး ဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျည်းတန်း တောင်/ အနောက်ရပ်ကွက်၊ စျေးကြီးလမ်း ရေမြောင်း အတွင်းရှိ အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင် အကိုင်းအခက်များ၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်း အလင်းဖွင့်နေမှု၊ အမှိုက်များ ရှင်းလင်းဆောင်ရွက် နေမှုကိုလည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် Excel International Construction Co., Ltd. တို့ အကျိုးတူပူးပေါင်း၍  မြို့ပြအိမ်ရာ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ လည်းကောင်း၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းနှင့် အလုံလမ်းထောင့်သို့ သွားရောက်၍ လေပြင်း တိုက်ခိုက်မှုကြောင့် ပန်းမယ်ဇလီပင် အမြစ်ပွင့်ထွက် ပြိုလဲမှုကြောင့် ယာဉ်ကြောအချက်ပြ မီးပွိုင့်ပျက်စီးပြီး လမ်းပိတ်ဆို့မှုကို စည်ပင်သာယာဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များက ပူးပေါင်းခုတ်ထွင် ရှင်းလင်း ဖယ်ရှားနေမှုကို လည်းကောင်း၊ အလုံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအားကစားကွင်း ပြုပြင်ထားရှိမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်