မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် မဟာသင်္ကြန်ရေသဘင်ပွဲတော် အကြိုပြင်ဆင်နေမှုများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဧပြီ ၁၀

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၇ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ ပလရရပ်ကွက်၊ ဗိုလ်ခြံမှတ်တိုင်အနီးရှိ ဆုတောင်းပြည့်ကပ်ကျော် ဘုရားနှင့် ထောက်ကြန့်လမ်းဆုံအကြား ပြည်လမ်းတစ်လျှောက် လမ်းသားများခြစ်၍ ကတ္တရာ ကွန်ကရိ (AC)ထပ်ပိုးလွှာ ခင်းကျင်းနေမှုကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး မှာကြားသည်။

 

ထို့မှတဆင့် ပြည်လမ်းတစ်လျှောက် ရှမ်းစုမှတ်တိုင်အနီး မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် အမှတ်(၀၂၅ ဓာတ်ငွေ့ဖြည့်တင်းသည့် မော်တော်ယာဉ်များ လမ်းပိတ်ဆို့မှု မရှိစေရေးနှင့် စနစ်တကျ ရပ်စောင့် နိုင်ရေးအတွက် လမ်းတိုးချဲ့ခင်းကျင်းရန် မှာကြား၍လည်းကောင်း၊ အင်းစိန်မြို့နယ် စော်ဘွားကြီး ကုန်းရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၉) အလယ်တန်းကျောင်းရှေ့တွင် အုတ်တံတိုင်းနှင့် လူသွားစင်္ကြံအကြား မြေပြင်ညှိ၍ မြေယာရှုခင်း ပြုပြင်ဆောင်ရွက်နေမှုနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်သို့ သွားရောက်၍ ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်အတွက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ ပကာသန မဖက်သော ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှုကို လည်းကောင်း၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် ကျောက်တံတားမြို့နယ်များအတွင်း ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး မဏ္ဍပ်များ ကြံ့ခိုင်ကောင်းမွန်စေရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ပြင်ဆင်ဆောင်ရွက်ရေး၊ ပြည်သူများ စိတ်အေးချမ်းသာစွာ ရေကစားနိုင်ရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ၂ နှစ်တိုင်တိုင် ကျင်းပခြင်း မရှိခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဟောင်း ကုန်လွန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယတွင် ရန်ကုန်မြို့တော် နေပြည်သူများ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ချမ်းမြေ့စေ ရေးအတွက် ပြန်လည်ကျင်းပနိုင်ရေး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီစဉ်ကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(သတင်းစဉ်)