မြို့တော်သန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် အတူ ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ဖန်ချက်စက်လမ်းရှိ စံပြချမ်းမြေ့ စည်ပင်အိမ်ရာ ဝင်းသို့ သွားရောက်၍ အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန် အမျိုးမျိုးတို့ကို အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချ ပေးနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း ဈေးဝယ်ပြုလုပ်ကြရန် မှာကြားခဲ့သည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အဆိုပါ အိမ်ရာဝင်းအတွင်း အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်များရှိ ဝန်ထမ်းအိမ်ရာဝင်း ခြောက်ခုမှ ဝန်ထမ်းမိသားစုများ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးပြီး ပထမဆုရရှိသော ချမ်းမြေ့အိမ်ရာဝင်း(၂)ကို ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက လည်းကောင်း၊ ဒုတိယဆုရရှိသော ချမ်းမြေ့အိမ်ရာဝင်း(၁)ကို ဒုတိယမြို့တော်ဝန် ဦးညီညီက လည်းကောင်း တတိယဆုရရှိသော မရမ်းကုန်းအိမ်ရာဝင်းကို ကော်မတီဝင် ဒေါက်တာဇော်ဝင်းက လည်းကောင်း ဆုများချီးမြှင့်ခဲ့ပြီး ဝန်ထမ်းမိသားစုများ အားကစား လေ့ကျင့်နိုင်ရန်အတွက် မြို့တော်ဝန်က ဖူဆယ်ဘောလုံး ပေးအပ်သည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းနှင့် အောက်မင်္ဂလာဒုံ လမ်းထောင့် ပြည်တော်သာကျွန်းတောသို့ သွားရောက်၍ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ မြက်ပင်ချုံနွယ်များ၊ အောက်ခြေအကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှုကို လည်းကောင်း၊ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ အနောက်ဗဟိုလမ်းရှိ ချမ်းမြေ့ဂုဏ်ဝေ ပရိယတ္တိသီလရှင် စာသင်တိုက်ကြီးသို့ သွားရောက်၍ စာသင်တိုက်နှင့် ညီညွတ်ရေးလမ်းအကြား သမိုင်းချောင်းအတွင်း စီးဝင်မည့် မြောင်းဟောင်းသို့ ဆက်သွယ်သည့် အုတ်ရေမြောင်း တည်ဆောက်ပြီးစီးမှုကို လည်းကောင်း၊  ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံရှေ့ ဘတ်(စ်)ကားမှတ်တိုင်နှင့် ယာဉ်ရပ်နားကွင်းသို့ သွားရောက်၍ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ၊ အသုံးပြုနိုင်ရေးအတွက် လျှပ်စစ်သုံး Bus ယာဉ်များ ပြေးဆွဲမည့် လမ်းကြောင်း၊ Charging Station အားသွင်းနေရာ၊ ယာဉ်ရပ်နားရန် နေရာများ ဖော်ဆောင်နိုင်ရေးနှင့် လူသွားစင်္ကြံများ ပြုပြင်ရေးတို့ကို လည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်