မိုးရွာခဲ့ပေမယ့် တောမီးငြိမ်းရန် အချိန်ယူရဦးမယ်

၁၁ ဇန်နဝါရီ

ဩစတြေးလျနိုင်ငံ အပူချိန်လျော့သွားပြီး အအေးဓာတ်ရပေမယ့် နိုင်ငံ့အရှေ့တောင်ဘက်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးကို အပြီးတိုင်ငြှိမ်းသတ်ရန် အချိန်ယူရဦးမယ်လို့ တာဝန်ရှိသူတွေက ဒီကနေ့(စနေနေ့)မှာ ပြောကြားလိုက်ပါတယ်။ 

နယူးဆောက်ဝေး(NSW)ပြည်နယ်နဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီးနှစ်ခု ပူးပေါင်းသွားပြီး မီးတောက်ကြီးအဖြစ် ပြောင်းလဲလောင်ကျွမ်းတာကို ကြုံတွေ့ခဲ့ရအပြီးမှာ မိုးရွာသွန်းတဲ့အတွက် အပူချိန်ကျဆင်းသွားတာကို တွေ့ရပါတယ်။ 

နယူဆောက်ဝေး(NSW)ပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုကို တစ်ညလုံး ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပေမယ့် ဒီကနေ့ မနက်ပိုင်းမှာ အသေအပျောက် စာရင်းနဲ့ ပစ္စည်းဆုံးမှုစာရင်း မရရှိခဲ့တဲ့အတွက် စိတ်ချမ်းသာခဲ့ကြောင်း၊ မီးငြှိမ်းသတ်ရန် အချိန်ကြာဦးမှာဖြစ်ကြောင်း  ပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောကြားပါတယ်။ 

နယူးဆောက်ဝေး(NSW)ပြည်နယ် မီးသတ်ဦးစီးမှူးကလည်း ပြီးခဲ့တဲ့ ခုနစ်ရက်လုံးမှာ ကြောက်စရာကောင်းလောက်တဲ့ မီးလောင်မှုအဆင့်မှာ မရှိခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ 

လချီပြီးလောင်ကျွမ်းနေတဲ့ တောမီးကြောင့် အနည်းဆုံး လူ ၂၆ ဦးသေဆုံးပြီး နေအိမ် ၂၀ဝ၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ တောမီးလောင်တဲ့ မြေဧက ပေါင်း ၂၅ သန်း ရှိခဲ့ပါတယ်။ အဲဒီမြေပမဏဟာ တောင်ကိုရီးနိုင်ငံ သို့မဟုတ် ပေါ်တူဂီနိုင်ငံ တစ်နိုင်ငံလုံးစာ ဖြစ်ပါတယ်။ 

ဩစတြေးလျတက္ကသိုလ်တွေရဲ့ သုတေသနအရ တောမီးကြောင့် နို့တိုက်သတ္တဝါ၊ ငှက်နဲ့ တွားသွားသတ္တဝါပေါင်း တစ်ဘီလီယံကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

မနေ့က သောကြာနေ့မှာ လက်ရှိ ကွန်ဆာဗေးတစ်အစိုးရရဲ့ ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်တဲ့အပေါ်  ထောင်ချီသောင်းချီတဲ့ လူတွေဟာ လမ်းမတွေပေါ်မှာ ဆန္ဒပြနေကြပါတယ်။ 

MDN
ကိုးကား- AFP