မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် ၁၀ နာရီခွဲက မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာ၊ အင်းတော်-မိုးညှင်းသွား ကားလမ်းပေါ်တွင် ဖြိုးဝေအောင် (ခ) ကုလား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းလွယ်ထားသည့် ဘိန်းဖြူ ၆၀၅ ဂရမ်ကိုလည်းကောင်း။

 

အလားတူယင်းနေ့ ည ၁၀ နာရီက  မူးယစ်တပ်ဖွဲ့စု(၄၀) ရန်ကုန်(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် မန္တလေးလမ်းထောင့်ရှိ စားသောက်ဆိုင်အနီးတွင် တွေ့ရှိသူ သိန်းဦး၊ ဝေဖြိုးအောင်နှင့် ဇော်နိုင်ဝင်းတို့အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀၊ ခေါက်ဓား တစ်ချောင်းနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း။

 

ထို့အတူ ညနေ ၃ နာရီခွဲကလည်း မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၄)အနီးတွင် ဟန်ဝင်းမောင်မောင်းနှင်ပြီး ဝေလင်းဦး (ခ) ဆံရှည်လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀ဝ နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ည ၇ နာရီက မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာရှိ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် ယိန်းဆော် မောင်းနှင်လာသည့် CANTER အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ရောင်စုံဆပ်ပြာခွက် (၈၈၀)ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၉ ဒသမ ၆၈ ကီလိုနှင့် မြန်မာငွေ ၁၉၅၀ဝ၀ ကျပ်တို့ကို လည်းကောင်း။

 

ထို့အတူ ဒီဇင်ဘာ ၁၇ ရက် ညနေ ၄ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်း၊ လွယ်ဝိုးတုတ် ကျေးရွာ၊ မိုင်တိုင် အမှတ် ၁၄၄/၃ အနီးတွင် ဖြိုးအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ဝ၀ ဘိန်းဖြူ ၅ ဂရမ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

(သတင်းစဉ်)