မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၃၀

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၉ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်တွင် ဟိန်းလွင်စိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၅ နာရီတွင်  တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ အမှတ်(ည/၆၇)ရှိ စိုးသူ၏နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ငွေကျပ်သိန်း ၂,၅၂၀ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀,၀၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၆ ကီလို၊ FieIder အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ တာပုံ ကျေးရွာအုပ်စု၊ နားဖကျေးရွာအနီးတွင် လာတူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅,၈၀၀ ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဩဂုတ် ၂၈ ရက် ညပိုင်းတွင်  မြိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ မြိတ်တောင် (အလယ် ပိုင်း) ကျေးရွာ၊ အရှေ့သိမ်လမ်းတွင် တင်လင်းဦး မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၀၀၀ ကိုလည်းကောင်း၊  စစ်ဆေးပေါ် ပေါက်ချက်အရ  ကျော်ဇင်လတ် (ခ) ခိုင်ငယ်နှင့်  ပြည့်ဖြိုးအောင် (ခ) ကိုဦးကို လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၂၀ တွင် အုန်းချောနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျ ကျေးရွာအနီး၊ ပြင်ဦးလွင် - မန္တလေးသွား ကားလမ်း၊ မိုင်တိုင်အမှတ် (၁၃/၃)အနီးတွင် မော်တော်ယာဉ်တစ်စီး ရပ်တန့်ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် အောင်ဇော်နှင့် မျိုးမင်းဦးတို့ ၂ ဦးကို တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၄,၅၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား