မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၄ ဇန်နဝါရီ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၃ ရက် ညနေ ၄ နာရီတွင် ရွှေကူမြို့နယ်၊ စီမော်ကျေးရွာအုပ်စု၊ မိုးကင့်ကျေးရွာအနီးတွင် နော်လီအောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှင့် ယော်ထုန် မောင်းနှင်လာသော မော်တော်ဆိုင်ကယ် ၂ စီးကို ရပ်တန့်စစ်ဆေး ရှာဖွေရာ နော်လီအောင်ထံမှ ဘိန်းဖြူ ၁ ဒသမ ၃၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၉,၀၀၀ နှင့် ယော်ထုန်ထံမှ ဘိန်းဖြူ ၁ ဒသမ ၃၂ ကီလိုကို လည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် ဖားကန့်မြို့နယ်၊ ကာမိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်၊ ကောင်ရာကျေးရွာအနီး၊ (၈) မိုင်-ကာမိုင်းသွား ကားလမ်းတွင် ဇော်ဇော်လင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၉၅ ကီလိုကိုလည်းကောင်း၊ ထို့အတူ ထိုနေ့ နံနက် ၄ နာရီခွဲတွင် မောက်မယ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မောက်မယ်မြို့၊ ကွန်ကျိုင်းရပ်ကွက်တွင် စိုင်းအောင် (ခ) အောင်ခမ်း မောင်းနှင်ပြီး စိုင်းစော လိုက်ပါလာသော မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၃၈ ပြားကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

ထို့ပြင် ဇန်နဝါရီ ၁၃ ရက် နံနက် ၃ နာရီခွဲခန့်တွင် ကျောက်မဲမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျောက်မဲမြို့၊ အမှတ် (၉) ရပ်ကွက်၊ ဇီဇဝါလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ စိုင်းခမ်းအောင်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၃၄၆ ပြားကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ဆံအွမ်၏ နေအိမ်သို့ စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ပြားကိုလည်းကောင်း၊ ထို့အတူ ထိုနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကလောမြို့နယ်၊ ရေယားကျေးရွာအနီး၊ ကလော-သာစည်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၆၅/၃) တွင် သန်းရွှေ (ခ) ဘဂျမ်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၃၁ ဒသမ ၅ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား