မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၉   ဇူလိုင် 


မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက မိုးမောက်မြို့နယ်၊ ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဝေလင်း မောင်းနှင်ပြီး ဒေါ်ထုနူး (ခ)ဒေါ်ထု လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၁၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။


အလားတူ ယင်းနေ့နံနက် ၁၁ နာရီခန့်က မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားပြည်ထောင်စုလမ်းတွင် သန့်ဇင်ဦး (ခ)သားငယ် မောင်းနှင်ပြီး ဆာအောင်(ခ)အိုက်အောင် လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေ ရာ ငွေကျပ်သိန်း ၁၈၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။


ထို့အတူ ည ၁၀ နာရီ မိနစ် ၂၀ က မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့၊ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိုင်းစိန်(ခ)စိန်ဝင်း၏ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း။


အလားတူ ညနေ ၄ နာရီက ဖယ်ခုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စု၊ တောင်ပို့ကြီးကျေးရွာနေ ဖိုးထူး(ခ)စိုင်းထူး ၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၉၀ ပြား၊ မြန်မာငွေကျပ် ၂ ဒသမ ၉ သိန်းနှင့် ဓားရှည်တစ်ချောင်း တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


 (ကိုရဲ)