မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၃  ဇွန် 

 

မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂ ရက်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာအဝင်၊ မိုးညှင်း-ဝှေခါသွားလမ်းတွင် မျိုးကိုကို မောင်းနှင်ပြီး မခင်နွယ်နွယ်နှင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂၂၀ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။  

 

အလားတူ ယင်းနေ့ညနေ ၅ နာရီခွဲက ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေကူမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ဗန်းမော်-မန္တလေးသွားကားလမ်း၊ မိုင်တိုင် အမှတ်(၁၉၅)အနီးတွင် ကျော်စွာ မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၁၀ဝ နှင့် ဘိန်းဖြူ ၈၈၂ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သည်။ 

 

ထို့အတူ နံနက် ၁၀ နာရီခန့်က မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သိန္နီမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဆန်းမင်း(ခ)အုတ်ကျိုး မောင်းနှင်ပြီး အငယ်လေး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,ဝ၀ဝ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီးကျေးရွာနေ မယီရှမ်း(ခ)အားရှန် ၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ရောင်းချပေးသူ တစ်ရွာတည်း နေ မရှင်းမေ၏ နေအိမ်ကိုဝင်ရောက် ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ မိခင်ဖြစ်သူ ဒေါ်ရွှေလန် ကိုင်ထားသည့်အထုပ်အတွင်းမှ  စိတ်ကြွရူးသွပ် ဆေးပြား ၁၃၀ ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေး ယူထားကြောင်း သိရသည်။ 

 

(ကိုရဲ)