မြို့နယ်အချို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၆  မေ 

 

မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မေ ၅ ရက် မွန်းလွဲ ၂ နာရီခွဲက မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအရှေ့ဘက်ခြမ်း၊ ပန်းလားကျေးရွာအုပ်စု၊ အိုင်လေးတူကျေးရွာနေ မြင့်အေး (ခ)ဇော်မင်းထွန်း၏နေအိမ်ကိုရှာဖွေရန်ဝင်ရောက်စဉ် မြင့်အေး(ခ)ဇော်မင်းထွန်းက ဓားဖြင့်ခုတ်သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင်ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းအဖွဲ့မှလုံးထွေးဖမ်းဆီးကာ ၎င်း၏ထံမှ ဘိန်းဖြူ သုည ဒသမ ဝ၁ ဂရမ်၊ ဘိန်းစိမ်း ၂၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၂ ချောင်း တို့ကိုသိမ်းဆည်းရမိခဲ့သည်။ 

 

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီက ဗန်းမော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမော်မြို့နယ်၊ ရေနီရွာသစ်ကျေးရွာနေ ဒေါ်မိုးဝင်း၏နေအိမ်ကိုရှာဖွေရာ အိပ်ခန်းအတွင်းမှ ဘိန်းဖြူ ၄၀ ဂရမ်၊  စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၆၃ ပြားတို့ကိုလည်းကောင်း။

 

ထို့အတူ နံနက် ၁၀ နာရီခွဲကလည်း မူးယစ်တပ်ဖွဲ့စု(၃၁)ဘားအံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ဇရပ်ဖြူကျေးရွာအနီးတောစပ်၌ Caldina အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ ပြား နှင့် မြန်မာငွေကျပ် ၁၀,ဝ၀ဝ တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဘားအံမြို့နယ် လှာကာကျေးရွာအုပ်စု၊ ဇရပ်ဖြူကျေးရွာရှိ ထွန်းကိုကိုနှင့် မအိမွန်တို့၏ နေအိမ်ကိုရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၂,၉၂၆ ပြားနှင့် မြန်မာငွေ ကျပ် ၂၄၀,ဝ၀ဝ တို့ကိုလည်းကောင်း။

 

ထို့အတူ မေ ၄ ရက် ည ၁၁ နာရီခွဲက  ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ကန်ဆွယ်ကျေးရွာနေ တိုးဝင်း၏နေအိမ်ကိုရှာဖွေရာ တိုးဝင်း၊ အောင်အောင်ဦးနှင့် ရဲနိုင်တို့အားနေအိမ်ရှိတန်းလျား၌ တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၁၅ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မေ ၅ ရက် နံနက်ပိုင်းတွင် ရမည်းသင်းမြို့နယ်၊ နေပူကုန်းကျေးရွာအနီး၊ ရမည်းသင်း-ရွာတန်းသွားလမ်း၌ မော်တော်ဆိုင်ကယ်နှင့်အတူ ကိုမင်းအားတွေ့ရှိ၍ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,ဝ၀ဝ ၊ မြန်မာငွေကျပ် ၁,ဝ၈၉,၅၀ဝ တို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ၄င်း၏နေအိမ်ကိုရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၁ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ နံနက် ၁၀ နာရီက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ ရွှေဇာလီကျေးရွာအုပ်စု၊ အထက်ညောင်နီကျေးရွာ၊ ရွာလယ်လမ်းနေ ဒေါ်စိန်မြ၏နေအိမ်ကို ရှာဖွေရာ ဘိန်းဖြူ ၉၅ ဒသမ ၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၇၀ နှင့်မြန်မာငွေ ကျပ် ၃၇၀,ဝ၀ဝ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN