မြို့နယ်အချို့တွင် မိုးကြိုးပစ်ခတ်မှုကြောင့် လူသေဆုံးမှုဖြစ်ပွား

နေပြည်တော် ၅ ဇွန် 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ဒိုင်ဂေါင်းကျေးရွာနေ ဦးစောသာစေး (၃၆)နှစ်သည် ဇွန် ၄ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က ကျေးရွာအနီး လယ်ကွင်း၌ စပါးကျဲနေစဉ် မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးထိမှန်၍ ဒဏ်ရာများရရှိ သေဆုံးခဲ့ကြောင်း သိရှိရသောကြောင့် ဦးစောသာစေး သေဆုံးမှုအား ဖဒိုနယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ်(၁၁/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ဇွန် ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကျောက်တံခါးမြို့နယ်၊ ပေကုန်းကျေးရွာအနီး လယ်ကွင်း၌ အလုပ်လုပ်နေသော သုံးဆယ်မြို့နယ်၊ ကြံတောကျေးရွာနေ ဦးထွန်းကြည် (၄၀)နှစ်သည် မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးထိမှန်၍ ဒဏ်ရာများရရှိ သေဆုံးခဲ့ကြောင်းသိရှိရ၍ ဦးထွန်းကြည် သေဆုံးမှုအား သုံးဆယ်နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၅/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ပုလုကျေးရွာနေ ဦးစိုးဝင်း (ခ) ဦးအငယ် (၅၇)နှစ်သည် ဇွန် ၄ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က ကျေးရွာ အနီးလယ်ကွင်း၌ လယ်ကန်သင်းများပြုပြင်ရန် သွားရောက်စဉ် မိုးကြိုးပစ်ခတ်မှုကြောင့် မိုးကြိုးထိမှန်၍ ဒဏ်ရာများရရှိသေဆုံးခဲ့သဖြင့် ဦးစိုးဝင်း(ခ)ဦးအငယ် သေဆုံးမှုအား မြောင်းမြမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၂၃/၂၀၁၉) ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN