မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်၊ မတ် ၂၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်၊ မြရတနာ (၅) လမ်းတွင် လှမိုး (ခ) မိုးကြီး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၄၀၀ ကိုသိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ မေတ္တာလမ်းရှိ မဝင်းဝင်းမြင့် (ခ) မိတုတ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ်တိုးဂိတ် အနီးတွင် မနန်းအေးမြ မောင်းနှင်ပြီး မနန်းစေ့ လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်