မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၃ မတ်

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် ည ၁၀ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မြို့မရပ်ကွက်အနီး မြို့ရှောင်လမ်းတွင် အောင်ဇော်ထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ် ၂ အိတ် အတွင်းမှ ဘိန်းဖြူ ၁၀ ဒသမ ၅၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကလေးမြို့ ပင်လုံရပ်ကွက်၊ နယ်မြေ(၁)ရှိ ထမင်းဆိုင်တွင် နိုင်လင်းအား မြန်မာငွေကျပ် ၁၄၃ ဒသမ ၃ သိန်းဖြင့် လည်းကောင်း။

 

မတ် ၁၁ ရက် ည ၁၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မြစ်ငယ်မြို့ရှိ ရန်ကုန် - မန္တလေး ကားလမ်းတွင် အမျိုးသားတစ်ဦး မောင်းနှင်ပြီး အမျိုးသမီး ၂ ဦးလိုက်ပါလာသော ဆိုင်ကယ်ကိုစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားပြီး မနန်းစန်းစန်းဝင်း(ခ)စန္ဒာမှာ လက်ဆွဲအိတ်တစ်လုံး နှင့်အတူကျန်ခဲ့၍ စစ်ဆေးရာ လက်ဆွဲအိတ်အတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၆၇၈၀၊ စိတ်ကြွရူးသွပ်ဆေးအကြေ သုည ဒသမ ၃၅၂ ကီလိုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

ထို့ပြင် မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် တပ်မတော်မှ ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ် ရှန်ကိုင်ကျေးရွာအနီး လောက်ကိုင် - ချင်းရွှေဟော် ကားလမ်းတွင် ချိန်စွမ်းချုံ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အင်္ကျီအိတ်ကပ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား