မိုးညှင်းခရိုင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှု ၈၀ ရာခိုင်နှုန်းပြီးစီး

မိုးညှင်း ၂၈ ဇူလိုင် 

 


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ပြည်သူ့အားကစားကွင်းဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် မိုးလုံလေလုံအားကစားရုံမှာ ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ယူဆောက်လုပ်နေသည့် ကချင်ဧရာဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာက ပြောသည်။

 


အလျားပေ ၁၂၀၊ အကျယ်ပေ ၉၀၊ အမြင့် ၃၆ ပေရှိပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၂၃၇၅ ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


“ဒီမိုးလုံလေလုံအားကစားကွင်း တည်ဆောက်ပြီးရင် ကြက်တောင်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ အလေးမ အပါအဝင် Indoor အားကစားနည်းတွေကို စနစ်တကျ လေ့ကျင့်ကစားနိုင်မှာဖြစ်တယ်။ အလားတူ မိုးညှင်းမြို့နယ်နည်းတူ မိုကောင်းမြို့နယ်မှာလည်း ဆောက်လုပ်နေပါတယ်” ဟု မိုးညှင်းခရိုင် အား/ကာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်မာက ပြောသည်။

 


“ဖွင့်ပွဲကို ခမ်းခမ်းနားနားဖွင့်လှစ်နိုင်အောင် ပြုလုပ်သွားမှာဖြစ်သလို ပြိုင်ပွဲတွေကို ဆပ်ကော်မတီများနှင့် ပူးပေါင်းလို့ အဆင့်မီအောင် ဆက်လက်လုပ်ဆောင်သွားမှာပါ၊ အခုလို အဆင့်မီတဲ့ အားကစားရုံမျိုးကို မိုးညှင်းခရိုင်အတွင်းမှာ လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။

 


နီတိုး