မိုးညှင်း၊ အောင်လံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် ကျိုင်းတုံမြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

mdn

နေပြည်တော် နိုဝင်ဘာ ၂၈  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းတွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာ၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လူကျော် မောင်းနှင်ပြီး မသန်းသန်းဆွေ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀  ကို လည်းကောင်း၊ ထိုနေ့ ညနေ ၆ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၈) ရပ်ကွက်၊ ပြင်ဦးလွင်လမ်း၊ မ-(က/၄၈၃)ရှိ စိုးညွန့်(ခ)ကုလား ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ကျင်ထွန်း၊ ဖြိုးမောင်မောင်ဦး တို့ကိုတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ နှင့် ဆေးခြောက် သုည ဒသမ ၁၇ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၆ နာရီ မိနစ် ၂၀ တွင် စည်သူ(ခ)နွားကြီး၊ လှထွေးတို့ ၂ ဦးကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၈)ရပ်ကွက်၊ ရတနာပုံလမ်းတွင် Toyota Corolla အမျိုးအစားမော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။  

နိုဝင်ဘာ ၂၇ ရက် ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအနီးတွင် အားချန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀  ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောင်လံမြို့နယ်၊ အောင်လံ-ပြည်သွားကားလမ်း၊ မိုင်တိုင်အမှတ် (၂၁၁/၅)၊ ဘွက်ကြီးတံတား စစ်ဆေးရေးဂိတ်အနီးတွင် အေးမင်းထွန်း မောင်းနှင် ပြီး လှမိုးဦး နှင့် အောင်တင်မိုး(ခ)မိုးကြီး တို့ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၅၀၀ ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေး ဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

(ရဲပြန်ကြား)