မိုင်းယောင်း ဧပြီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသခံအချို့သည် ဖရဲသီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေနေကြကြောင်း သိရသည်။

သင်္ကြန်ရာသီ၌ ယခုကဲ့သို့ ရာသီဥတုပူပြင်းသည့်အရှိန်ကြောင့် ဆေးဖက်ဝင်ပြီး ဝမ်းအေး၊ ဝမ်းမှန်စေသည့် ရာသီစာ ဖရဲသီး အရောင်းအဝယ်လုပ်ငန်းမှာ အဆင်ပြေနေလျက်ရှိကြောင်း၊ အလုံးအကြီးအသေးအလိုက် ဖရဲသီး တစ်လုံးလျှင် ကျပ် ၃၀၀၀ မှ ကျပ် ၅၀၀၀ အထိ ရောင်းရကြောင်း တစ်ပိုင်တစ်နိုင် ဖရဲသီး စိုက်ပျိုးရောင်းချသည့် အမျိုးသမီးတစ်ဦးထံမှ သိရသည်။

မိုင်းယောင်းဒေသထွက် ဖရဲသီးများသည် ဒေသမျိုးကို သဘာဝအတိုင်း စိုက်ပျိုးထားသဖြင့် အန္တရာယ်ကင်းပြီး အနံ့အရသာနှင့် ပြည့်စုံကောင်းမွန်ခြင်းကြောင့် ရာသီဥတုပူပြင်းမှုနှင့်အတူ နွေရာသီတွင် ဖရဲသီး ဝယ်ယူစားသုံးသူ ပိုများလာပြီး ယခုရက်ပိုင်းတွင် ဖရဲသီးရောင်းချသူများ အဆင်ပြေနေကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း