မိုင်းယောင်းမြို့နယ်တွင် တည်ထားကိုးကွယ်မည့် ရွှေစည်းခုံပုံတူစေတီတော်မြတ်၏ မူလဌာပနာ သွင်းလှူပူဇော်

မိုင်းယောင်း   ၁၁   မေ 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းတိုက် (တပ်ဦးကျောင်း)တွင် မူလစေတီကိုငြုံပြီး ဉာဏ်တော်ပိုမြင့်သော ဝိဇယာရာမ ရွှေစည်းခုံပုံတူစေတီတော်ကို တည်ထားကိုးကွယ်မည်ဖြစ်ရာ မူလဌာပနာသွင်းလှူပူဇော်ခြင်းနှင့် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲကို မေ ၁၁ ရက်နေ့က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဘဒ္ဒိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ခဲ့ကြကာ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်၊ ပရိတ်ပန်းများဆက်ကပ်၍ မေတ္တသုတ်ပရိတ်တရား နာယူကြည်ညိုခဲ့ကြသည်။

 

ထို့နောက် ကျောင်းထိုင်ဆရာတော်အမှူးရှိသော သံဃာတော်များ၊ စစ်ဘက်ဆိုင်ရာအရာရှိများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များသည် ဇယန္တောဗောဓိယာမူလေအစချီသော ဂါထာတော်သုံးကြိမ်ရွတ်ဆိုပူဇော်ပြီး ကြေးပြားဋိကတ်တော်များနှင့် မူလဌာပနာတော်များကို သွင်းလှူပူဇော်ခဲ့ကြကာ ရွှေစည်းခုံ စေတီတော်မြတ်ကြီးအား သိကြားမင်း ဆက်ကပ်ပူဇော်သော "အာသောမာဝ" ဂါထာတော် ရွတ်ဆိုပူဇော်၍ ပရိတ်ရေ၊ အမွှေးနံ့သာရေများ ဖျန်းပက်ပူဇော်ကာ ဌာပနာပိတ်သိမ်းခဲ့ကြသည်။

 

ယင်းနောက် ဝိဇယာရာမရွှေစည်းခုံပုံတူစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ရန်အတွက် ဒုတိယအကြိမ်အလှူငွေပေးအပ်ရာ စေတနာ သဒ္ဒါတရားထက်သန်စွာ ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ကျောင်းထိုင်ဆရာတော်က ပြန်လည်ချီးမြှင့်ပေးခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအနုမောဒနာတရားနာယူ ကြည်ညိုခဲ့ကြပြီး၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

 

အားချာ(ပြန်/ဆက်)

 

2.05