မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် အထူးကုဆရာဝန်ကြီးများက အခမဲ့ နယ်လှည့်ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် မတ် ၃၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း မြို့ပြနှင့် ကျေးလက်နေပြည်သူများအားလုံး ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရည်အသွေးပြည့်မီစွာရရှိစေရန်၊ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းနှင့် ပြည်သူလူထုအတွင်း ကွင်းဆင်းကုသမှု လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လွိုင်လင်မြို့၊ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မို့မို့ ဦးဆောင်သော အထူးကုဆရာဝန်များနှင့်အဖွဲ့သည် မတ် ၂၉ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၄ နာရီအထိ မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံ၌ အခမဲ့ နယ်လှည့်ဆေးဝါးကုသမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထိုသို့ကွင်းဆင်းရာတွင် ဆေးပညာအထူးကု၊ သွားနှင့်ခံတွင်းအထူးကု၊ သားဖွားမီးယပ်အထူးကု၊ ကလေးအထူးကု၊ အရိုးနှင့်ထိခိုက်ဒဏ်ရာအထူးကု၊  အထွေထွေရောဂါအထူးကု သမားတော်ကြီးများက လူနာများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများကို ဆောင်ရွက်ပေးရာ မိုင်းကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ မိဘပြည်သူ စုစုပေါင်း ၈၄၇ ဦး ကျန်းမာရေးပြုစုစောင့်ရှောက်မှု လာရောက်ခံယူခဲ့သည်။

 

အဆိုပါ နယ်လှည့်ဆေးဝါးကုသမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ချော(မိုင်းကိုင်)