မိုးနဲမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

မိုးနဲ        ဩဂုတ်        ၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ဩဂုတ် ၈ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် နမ့်စလိုင်ချောင်း၊ နမ့်တွန်ချောင်းနှင့် နောင်ကျော့အင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး မြေနိမ့်ရပ်ကွက်များ ရေအနည်းငယ် ဝင်ရောက်မှုနှင့် လယ်ကွက်များရှိ စပါးပင်များ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ရေဝင်ရောက်မှု ဖြစ်ပွားရာ နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးဌာနမှ တာဝန်ရှိသူများက ဩဂုတ် ၉ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ရေကြီးရေလျှံမှုကြောင့် နောင်ကျော့ရပ်ကွက် မြေနိမ့်ပိုင်းရှိ အိမ်ခြံဝင်းအတွင်း ရေအနည်းငယ် ဝင်ရောက်ခြင်း၊ မိုးနဲ-ကင်တုံသွားလမ်း ရေကျော်ခြင်းနှင့် လယ်မြေ ဧက ၃၈၀ ခန့်ရှိ စပါးပင်များ ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ယနေ့အထိ လူ၊ တိရစ္ဆာန်နှင့် စပါးပင်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)