မိုးနဲ မတ် ၂၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင် မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ ဥယျာဉ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲဖြေဆိုနေကြသည့် သံဃာတော်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးကြပ်ဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါစာမေးပွဲ ပထမနေ့တွင် စာရင်းရှိ စာဖြေသံဃာတော် စုစုပေါင်း အပါး ၁၁၀ ရှိပြီး လာရောက်ဖြေဆိုသူသံဃာတော် စုစုပေါင်း အပါး ၆၀ ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


