မိုးနဲမြို့နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းပြုစုနိုင်ရေးအတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူလျက်ရှိ

မိုးနဲ   ၃၁ ဇူလိုင်          


ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂ဝ၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစုသည့် နှစ်အဖြစ် သတ်မှတ်၍ အခြေခံမဲဆန္ဒရှင်လူဦးရေစာရင်း ပြည့်စုံမှန်ကန်စွာ ကောက်ယူနိုင်ရေး မြေပြင်ရှိ အချက်အလက်များကို  ဇူလိုင်လ ၈ ရက်နေ့မှစပြီး ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် စာရင်းကောက်ယူရေးကော်မတီ အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ကောက်ယူနေကြပြီ ဖြစ်ကြောင်း သိရသည်။


မိုးနဲမြို့နယ်အတွင်းရှိ  ရပ်ကွက်(၅)ကွက်နှင့် ကျေးရွာအုပ်စု (၁၁)စုတို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ ကျန်းမာရေးဌာနဆရာမ၊ ပညာရေးဌာနဆရာမနှင့်  ရပ်ကွက်/ကျေးရွာ စာရေး ဝန်ထမ်းတို့ ပါဝင်သည့် ရပ်ကွက်/ကျေးရွာ လူဦးရေစာရင်းကောက်ယူရေးကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာအုပ်စုအလိုက် သတ်မှတ်ဇယား ပုံစံများဖြင့် သြဂုတ်လအကုန်အပြီး တစ်ပြိုင်တည်း အိမ်တိုင်ရာရောက် စာရင်းများ ကောက်ယူနေကြပြီဖြစ်သည်။


မြို့နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုကောက်ယူနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ၊ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ ကျန်းမာရေး ဌာနဆရာမများ၊ ပညာရေး ဆရာ/ဆရာမများနှင့် စာရေးဝန်ထမ်းများအား လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ယူမှုဆိုင်ရာ(ဆင့်ပွား) သင်တန်းကို ဇူလိုင် ၃ ရက်နေ့ကပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
                                                                                              


မျိုးညွန့်ရွှေ(မိုးနဲ)  

 

 

1