မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် သတင်းစာရှင်းလင်းပွဲနှင့် စာပေစကားဝိုင်းကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၃


မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော် သတင်းစာရှင်းလင်းပွဲနှင့် စာပေစကားဝိုင်းကို ယနေ့ နံနက်ပိုင်းကရန်ကုန်မြို့ သိမ်ဖြူလမ်းရှိသတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရုံးရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။


သတင်းစာရှင်းလင်းပွဲတွင် မိုးမိုး(အင်းလျား) ၇၅ နှစ် အထိမ်းအမှတ်စာပေနှင့် အနုပညာပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဆရာမဒေါ်သန်းမြင့်အောင်၊ ဒုတိယဥက္ကဌ ဆရာမ မနှင်းဖွေးနှင့် အတွင်းရေးမှူး ဆရာမမြကြာငုံ(ခ) ဒေါက်တာနီလာသိန်းတို့က မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။


မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော်ကို အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်ထိ ၃ရက်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 


ပွဲတော်တွင် မိုးမိုး(အင်းလျား) ဘဝနှင့်စာပေဓာတ်ပုံများနှင့်အတူ မြန်မာ အမျိုးသမီး စာပေပညာရှင်များ၏ အတ္ထုပ္ပတ္တိနှင့်ဓာတ်ပုံများခင်းကျင်းပြသခြင်း၊’’ မိုးမိုး အကြောင်း ပြောကြမယ် ’’ စကားဝိုင်းနှင့်အတူစာပေအနုပညာကဏ္ဍ အသီးအသီးအတွက် စကားဝိုင်းများ ဝိုင်းဖွဲ့ဆွေးနွေးခြင်း၊ ရသစာပေမှ ကြိုက်နှစ်သက်ရာ စာအုပ်ကို ဖတ်ရှုပြီး ပြန်ပြောင်းပြောဆိုဆွေးနွေးသည့် လူငယ်ရသစာပေဖတ် ညွှန်းပြိုင်ပွဲများ ဖိတ်ခေါ် ကျင်းပခြင်း၊ စာပေအနုပညာနှင့် ပတ်သက်သည့် စာတမ်းများတင်သွင်း ဖတ်ကြားခြင်း၊ ပန်းချီ၊ ကာတွန်း၊ ကဗျာကဏ္ဍအသီးသီးအတွက် ကဗျာရွတ်ဆိုခြင်း၊ ပန်းချီလက်တွေ့ရေးဆွဲခြင်း၊ ကာတွန်းပုံများပြသခြင်း၊ ပုံတူရုပ်ပြောင်များရေးဆွဲပေးခြင်း၊ စာပေအနုပညာရှင်များမှ တင်ဆက်သည့် တစ်ခန်းရပ်ပြဇာတ်နှင့် သီဆိုဖျော်ဖြေမှု တစ်ညနေခင်းစာတင်ဆက်ခြင်း၊ လူငယ်စာပေအနုပညာဝါသနာရှင် မျိုးဆက်သစ်များမှ စာပေအနုပညာကဏ္ဍ အသီးသီးပါဝင် တင်ဆက်ခြင်း၊ အမှတ်တရစာအုပ် ထုတ်ဝေခြင်းနှင့် စာအုပ်ဈေးရောင်းပွဲများ ပါဝင်မည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီက သိရသည်။


မွန်းလွဲပိုင်းတွင် စာပေစကားဝိုင်းကို ဆက်လက်ကျင်းပရာ moderator အဖြစ် ဆရာနေဇော်နိုင်က ဆောင်ရွက်ပြီး ဆရာမောင်သာချို၊ ဆရာမဝါဝါထင်လင်းနှင့် ဆရာမမိုးမိုး (အင်းလျား)၏ သမီးဆရာမသွယ်သွယ်မျိုးညွန့် တို့ကဆရာမမိုးမိုး (အင်းလျား)၏ စာပေဖြတ်သန်းမှု အကြောင်းများကို ဟောပြောဆွေးနွေးကြသည်။


ဆရာမောင်သာချို က ’’ မိုးမိုး(အင်းလျား)ရဲ့ စာပေအနုပညာစွမ်းရည် ဝတ္ထုတို၊ ဝတ္တုအရှည် တွေရေးတဲ့ သူရဲ့စွမ်းရည် အတတ်ပညာတွေ၊ စာပေအရေးအသား ဘယ်လောက်ကောင်းတယ်ဆိုတာတွေ သူ့ဝတ္တုတွေက ပြည်သူလူထုဘဝ မြန်မာနိုင်ငံ ထဲမှာရှိနေတဲ့ လူပေါင်းစုံဘဝတွေကို စုံစုံလင်လင်ရေးနိုင်တဲ့အတွက် အင်မတန် လေးစားစရာကောင်းတဲ့ စာရေးဆရာမကြီးတစ်ယောက်ဖြစ်တယ်ဆို တာဟောပြောခဲ့ပါ တယ် ’’ ဟုပြောသည်။


ဆရာမမိုးမိုး(အင်းလျား)၏ သမီးဆရာမသွယ်သွယ်မျိုးညွန့် က ’’ မေမေနဲ့ ပတ်သက်ပြီး အမှတ်တရတွေကတော့ အများကြီးရှိပါတယ်။ မေမေဆုံးတော့ ငယ်လည်း ငယ်သေးတယ်။ မေမေကိုယ့်ပေါ် ထိန်းကျောင်းခဲ့တဲ့ အမှတ်တရလေးတွေ သားအမိကြားက အမှတ် တရလေးတွေကတော့ အများကြီးရှိခဲ့ပါတယ်။ ဒီနေ့အခမ်း အနားမှာ မေမေရေးခဲ့တဲ့ စာတွေနဲ့ ပတ်သက်ပြီး စာရေးဆရာ၊ဆရာမတွေက သူတို့ဖတ်ထားခဲ့တဲ့ အမှတ်တရတွေ တွေ့ကြုံခဲ့တဲ့အမှတ်တရလေးတွေ ပြောကြားကြ ပါတယ်’’  ဟုပြောသည်။


စာရေးဆရာမမိုးမိုး(အင်းလျား)ကို ၁၉၄၄ ခုနှစ်အောက်တိုဘာ၂၄ ရက်တွင် မွေးဖွားခဲ့ပြီး ယခုလာမည့် ၂၀၁၉ အောက်တိုဘာ ၂၄ ရက်နေ့တွင် ဆရာမအသက် ထင်ရှားရှိမည် ဆိုပါကအသက် ၇၅ နှစ်ပြည့် မွေးနေ့ဖြစ်ကြောင်း၊ ဆရာမကွယ်လွန် သွားခဲ့သည်မှာ ၂၀၁၉ခုနှစ် မတ် ၁၃ ရက်တွင် ၂၉ နှစ်ရှိခဲ့ပြီးဖြစ်သည်။ ဆရာမမိုးမိုး (အင်းလျား)သည် လုံးချင်းဝတ္ထု ၂၆ အုပ်နှင့် ဝတ္ထုတိုများ၊ မဂ္ဂဇင်း ဝတ္ထုရှည်များ ရေးသားခဲ့ပြီး အမျိုးသားစာပေဆု ၄ ကြိမ်တိုင်တိုင် ရရှိခဲ့ကြောင်း၊ ဆရာမ၏ ဝတ္ထုများ ထဲတွင် ’’ ပျောက်သောလမ်းမှာ စမ်းတဝါး’’ ၊ ’’ ညီမလေးကအချစ်ကို ကိုးကွယ် သတဲ့ လား ’’ ၊  ’’ မသုဓမ္မစာရီ’’ ၊ ’’ ငြိမ်းကိုရှက်ပါ’’ ၊ ’’ မှတစ်ပါးအခြားမရှိပြီ’’ ၊ ’’ ရွှေတိဂုံကို မြင်လျှင်’’ တို့သည် ထင်ရှားသည့် ဝတ္ထုများဖြစ်ပြီး ဆရာမ၏ ဝတ္ထုများကို ရုရှား၊ ဂျပန်၊ အင်္ဂလိပ်ဘာသာတို့သို့ ပြန်ဆိုခဲ့ကြပြီး ဗီဒီယိုနှင့် ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ကြောင်း သိရသည်။


သတင်းနှင့်ဓာတ်ပုံ/ မင်းသစ်(MNA)