မိုးလေဝသညွှန်းကိန်းအခြေပြု သီးနှံအာမခံစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လက်မှတ်ရေးထိုး

မိုးလေဝသညွှန်းကိန်းအခြေပြု သီးနှံအာမခံ ( Weather Index-based Crop Insurance) စမ်းသပ်ဆောင်ရွက်ရန် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်၌ ကျင်းပသည်။

 

မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် ဦး ဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် အာမခံဒီဇိုင်းနှင့် နည်းပညာအကူအညီပေးသော Sompo Japan အာမခံကုမ္ပဏီ မြန်မာနိုင်ငံကိုယ်စားလှယ် Mr. Keiji Okada တို့က အမှာစကားအသီးသီး ပြောကြားကြပြီး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြကာ သီးနှံအာမခံဒီဇိုင်းနှင့် နည်းပညာအကူအညီပေးသော Sompo ဂျပန်အာမခံ ကုမ္ပဏီမှ မြန်မာ့အာမခံလုပ်ငန်းသို့ ရာသီဥတု ညွှန်းကိန်းအခြေပြု သီးနှံအာမခံ Product ကို ပေးအပ်သည်။

 

"တောင်သူဦးကြီးတွေအနေနဲ့ လုပ်ငန်းသဘာဝအရ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကနေ ဆန်စပါး စိုက်ပျိုးဖို့ အတွက် နှစ်စဉ်ချေးငွေရယူ ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ ရာသီဥတုကြောင့် သီးနှံတွေပျက်စီး ခဲ့ပြီ ဆိုရင် ဝင်ငွေလျော့ပါးသွားတဲ့ အတွက်ကြောင့် ချေးယူထားတဲ့ငွေကို ပြန်ဆပ်ဖို့ခက်ခဲသလို နောက်ရာသီမှာ စိုက်ပျိုးဖို့လိုအပ်တဲ့ငွေ မရှိတော့တဲ့အတွက် အခက်အခဲများစွာဖြစ်ရပါတယ်။ ဒီအခက်အခဲ မဖြစ်ရအောင် ဒီကနေ့ သီးနှံအာမခံစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါတယ်" ဟု ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးက ပြောသည်။

 

စမ်းသပ်ဆောင်ရွက်ခြင်းကာလကို တစ်နှစ် သတ်မှတ်ထားပြီး စပါးသီးနှံ တစ်မျိုးတည်းကိုသာ အာမခံလက်ခံ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စမ်းသပ်ဆောင်ရွက်မည့် မြို့နယ်များမှာ ရွှေဘိုနှင့် ပြည်တို့ဖြစ်ကြောင်း၊ စတင် အာမခံရောင်းချမည့် ကာလမှာ ဖေဖော်ဝါရီမှ ဧပြီအထိ တောင်သူလယ်သမားများအား ချေးငွေထုတ် ပေးချိန် အာမခံကို စတင်ရောင်းချပေးမည်ဖြစ်ကြောင်း ဒေါက်တာစန္ဒာဦးက ဆက်လက်ပြောကြားသည်။

 

ယင်း မိုးလေဝသညွှန်းကိန်းကာလကို ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာနှင့် အောက်တိုဘာတို့တွင် လေးလ သတ်မှတ်ထားကြောင်း၊ ပထမနှစ်လတွင် မိုးလေဝသဂြိုဟ်တု မှတ်တမ်းဓာတ်ပုံအချက် အလက်များအရ သတ်မှတ်မိုးရေချိန်လက်မ ပြည့်မီခြင်းမရှိလျှင် တောင်သူလယ်သမားများအနေဖြင့် အာမခံပရီမီယံကြေး ထားရှိမှု၏ ၂၀ ရာခိုင်နှုန်း၊ ဒုတိယကာလ နောက်ဆုံးနှစ်လတွင် သတ်မှတ်မိုးရေချိန် ပြည့်မီခြင်းမရှိပါက ၃၀ ရာခိုင်နှုန်း၊ စုစုပေါင်း ပရီမီယံကြေးထားရှိမှု၏ ၅၀ ရာခိုင်နှုန်းကို လျော်ကြေးငွေအဖြစ် တောင်းခံနိုင်မည်ဖြစ် ကြောင်း သိရသည်။

 

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက "တောင်သူတွေ အနေနဲ့ တစ်ဧက ကို ကျပ် ၃၀ဝ၀ ပရီမီယံကြေး ထားရင် ပထမနှစ်လ သတ်မှတ်မိုးရေချိန် မပြည့်ရင်ကျပ် ၃၀ဝ၀ဝ၊ ဒုတိယနှစ် လထပ်မံမပြည့်ခဲ့ရင် ကျပ် ၄၅၀ဝ၀ စုစုပေါင်းကျပ် ၇၅၀ဝ၀ ရရှိမှာ ဖြစ်ပါတယ်"ဟု ပြောကြားသည်။

 

မြင့်မောင်စိုး