မိုးကုတ်မြို့နယ်တွင် မြေပြိုမှုကြောင့် လူတစ်ဦးသေဆုံး

မိုးကုတ် ၆  ဇွန်  
  

၆.၆.၂၀၁၉ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် မိုးကုတ်မြို့နယ် ဘီးတောင်ရပ်ရှိ ပ တ္တမြားစေတီအောက်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားကာနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ဒေါ်အုန်းကြည်(၅၉) နှစ် သေဆုံးခဲ့ပြီး ၄င်း၏ တူတော်စပ်သူ မောင်ပြည့်စုံဖြိုးမှာခါးတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ယင်းနေ့ နံနက် ၂ နာရီအချိန်တွင် မိုးကုတ်မြို့ အောင်သာယာရပ်ကွက် ဦးဆွန်နီး ၏ နေအိမ်နောက်မှ ပေ(၃၀) ခန့်မြင့်သော ကမ်းပါးပြိုကျခဲ့ပြီး အိမ်အလုံးလိုက် အောက်သို့ လျောကျပျက်စီးသွားခဲ့ကြောင်း၊ ဦးဆွန်နီး၏ ဦးခေါင်းတွင် ဒဏ်ရာရရှိရာ(စောင့်ကြည့်ဆဲ) မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

      

၄င်းသဘာဝဘေးသင့် ပြည်သူများအား မိုးကုတ်မြို့နယ် အရံမီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ် ကြက်ခြေနီ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကာ နံနက်မိုးလင်းချိန်တွင် အရေးပေါ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

မိုးကုတ်မြို့နယ်၏ ယင်းနေ့ည ရွာသွန်းသည့် မိုးရေချိန်လက်မမှာ တိုင်းထွာချက်အရ ၄.၂၉ လက်မရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ မိုးကုတ်မြို့နယ်သည် မိုးများသည့်ဒေသဖြစ်သောကြောင့် ယခုကဲ့သို့ ဖြစ်စဉ်မျိုး မကြာခဏကြုံတွေ့နေရကာ ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်များအနီးတွင် မြေပြိုကျနိုင်သည့် ကမ်းပါးများရှိနေပါက ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်နှင့် ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား အမြန်ဆုံးအကြောင်းကြားပေးဖို့ မိုးကုတ်မြို့နယ် အရံမီးသတ်တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဦးသာဌေးက ပြောကြားခဲ့သည်။

    

အဆိုပါ ဖြစ်စဉ်များကြောင့် လူနေအိမ် မြေစိုက် သွတ်မိုး၊ နံကပ် အိမ်နှစ်လုံး ဆုံးရှုံးကာ လူ(၁)ဦးသေဆုံး ၊ (၂) ဦး ဒဏ်ရရှိခဲ့ကြောင်း သိရသည်။

 

ကျော်ဇေယျာမြင့်(မိုးကုတ်)