မိုးကုတ်မြို့နယ် တောင်ကချင်ရပ် သီတဂူဘုန်းတော်ကြီးကျောင်း ကိုရင်ဆောင်တွင် မီးလောင်မှုဖြစ်ပွား

မိုးကုတ်   ၁၄    မတ်

မိုးကုတ်မြို့နယ် တောင်ကချင်ရပ်ကွက် သီတဂူဘုန်းတော်ကြီးကျောင်းရှိ ကိုရင်ဆောင်တွင် မတ်လ ၁၃ ရက် နံနက် ၇နာရီ၄၅မိနစ်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုမှာ ကိုရင်များ ဆွမ်းခံကြွနေစဉ် ပလပ်ခုံ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကိုရင်ဆောင်မျက်နှာကြက်မှ မီးခိုးများထွက်နေသည်ကို အခြားဦးပဉ္ဇင်းများမှတွေ့မြင်၍ မိုးကုတ်မြို့နယ်မီးသတ်ဌာနသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် မိုးကုတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရေသယ်ယာဉ် ၂ စီး၊ မီးငြိမ်းသတ်ယာဉ် ၆ စီး၊ မီးသတ်အင်အား ၁၅၀ ခန့်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ  ၃၀ ဦး၊ ရဲတပ်ရင်း ၃၅ မှ ရဲဘော်များနှင့်ပြည်သူလူထုတို့ စုပေါင်းအင်အားဖြင့် ၈ နာရီ ၁၀ မိနစ်တွင် မီးညွန့်ကျိုးကာ ၈ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ၃ ခန်း ၂ ခန်း၊ သွပ်မိုး၊ နံကပ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်သေဆုံးမှုမရှိကြောင်း သိရသည်။


ကျော်ဇေယျာမြင့်(မိုးကုတ်)