“မိုခါ” မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၃)(ပညာရေးဝန်ကြီးဌာန)

မြင့်စိုး(နတလ)

(ဇွန်လ ၆ ရက်နေ့မှအဆက်)

မင်္ဂလာရှိသောနေ့

၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့။

ကျောင်းများဖွင့်ပြီ။

စစ်တွေမြို့၏ နံနက်ခင်းရာသီဥတုကလည်း သာသာယာယာလေးဖြစ်၍နေသည်။ ထိုမြင်ကွင်း အလှကို အားဖြည့်ပေးလိုက်သည်က ကျောင်းဝတ်စုံ အဖြူအစိမ်းလေးများနှင့် သားငယ်သမီးငယ်လေးများ၏ သန့်စင်သောအပြုံး၊ သွက်လက်သော ခြေလှမ်း၊ ဟန်ဆောင်မှုကင်းသည့် အမူအရာလေးများပင်ဖြစ်၏။ သူတို့၏ခြေလှမ်းတိုင်းတွင် ယုံကြည်ချက်ရှိသည်၊ အနာဂတ်ရှိသည်။ ထိုခြေလှမ်းလေး များအားလုံးသည် စာသင်ကျောင်းများဆီသို့ ဖြောင့်ဖြောင့်တန်းတန်း ရောက်ရှိလာကြသည်။ ကြည်နူးချမ်းမြေ့ဖွယ်ရာမြင်ကွင်းများပါပေ။

စစ်တွေမြို့တွင် ရောက်ရှိနေသော ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်ပါလျက် ယနေ့ဖွင့်လှစ်နေပြီဖြစ်သော အခြေခံပညာကျောင်းများသို့ သွားရောက်ကာ အားပေးကြည့်ရှုခဲ့ကြသည်။ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ စာသင်ခန်းများကို လှည့်လည်ကြည့်ရှုပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူလေးများအား ကျောင်းလွယ်အိတ်နှင့် ဗလာစာအုပ်များပေးအပ် ခဲ့သည်။ ကျောင်းဝင်းအတွင်း ထပ်မံပြုပြင် တည်ဆောက်ပေးရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများကို မှာကြားသည်။

ယနေ့သွားရောက်ကြည့်ရှုခဲ့သော အခြေခံပညာကျောင်းများမှာ အထက(၁)၊ အထက(၄)၊ အမှတ်(၁၅)မူလွန်၊ ကျောင်းတက်လမ်းရပ်ကွက်မူလွန်၊ အထက(၂)၊ အထက(၆)ကျောင်းများဖြစ်သည်။ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်း၌ မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၁၀ မြို့နယ်မှ စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။ ယင်းသို့ ရှိပင်ရှိခဲ့သော်ငြားလည်း ကျောင်းဖွင့်ရာသီ၌ အခြားပြည်နယ်၊ တိုင်းဒေသကြီးများနည်းတူ ကျောင်းအားလုံးဖွင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားပြီးဖြစ်သည်။  သို့ဖြစ်၍ ပညာရေးဝန်ကြီးဌာနသည် စစ်တွေနှင့် ပေါက်တောမြို့နယ်များရှိ အခြေခံပညာကျောင်းအားလုံး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များရှိ အခြေခံပညာမူလတန်း၊ မူလွန်၊ အလကကျောင်းများကို  တာဝန်ယူပြုပြင် တည်ဆောက်ပေးခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ဖော်ပြပါ ရှစ်မြို့နယ်အတွင်းရှိ အထကကျောင်းများနှင့် အထက(ခွဲ)ကျောင်းများကို ကူညီပြင်ဆင်ပေးခဲ့သည်။ ထိုသို့ ပြင်ဆင်နေစဉ် ကာလတွင်လည်း ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကလည်း လိုအပ်သည့်လမ်းညွှန်မှု၊ ကူညီစောင့်ရှောက်မှုများ ပေးခဲ့သည်။ သည့်အတွက်လည်း ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ကျောင်းများအားလုံး အဆင်ပြေပြေ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ နိုင်ငံအတွက်၊ ပြည်နယ်အတွက်၊ မြို့ရွာ ဒေသများအတွက် မင်္ဂလာရှိသောနေ့ရက်တစ်ရက် ဖြစ်လာခဲ့ပေပြီ။

စေတနာရှင် ဒေါက်တာကျော့သာစိန်

ဒုတိယဝန်ကြီးချုပ်နှင့်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ကျွန်တော်တို့အဖွဲ့ စစ်တွေမြို့ အထက(၁)သို့ နံနက် ၉ နာရီခန့်မှာ ရောက်ရှိသွားချိန် ကျောင်းဝင်းထဲတွင် ရုပ်ရည်အားဖြင့် သန့်ပြန့်ချောမောသော အမျိုးသမီးကြီးတစ်ဦးကိုတွေ့ရသည်။ ဒုတိယဝန်ကြီးချုပ်အား အကြောင်းကိစ္စတချို့ ရှင်းပြနေသည်ကို ခပ်လှမ်းလှမ်းမှ မြင်နေရ၏။ အစမှာမူ မြို့မိမြို့ဖလား၊ ကျောင်းအုပ်ကြီးဟောင်းလားဟူ၍ တွေးမိ သေး၏။ နားစွန်နားဖျားကြားနေရသည်က ပရဟိတ ပညာရေးလုပ်ငန်းများ အကြောင်းဆိုတော့ကာ ပရဟိတကျောင်းသားဖြစ်ခဲ့ဖူးသော ကျွန်တော်သည်လည်း  အစ်မကြီးကို  စိတ်ဝင်စားမိသည်၊ ထို့ကြောင့် ကျောင်းကပြန်အထွက်တွင် နှုတ်ဆက် စကားဆို၍ သူ၏ပရဟိတလုပ်ငန်းများအကြောင်းကို စေ့ငုလိုက်မိသည်။

“ကျွန်မက ဒေါက်တာကျော့သာစိန်၊ အသက် ၇၀ ရှိပြီ။ ငယ်ငယ်တုန်းက ၁၀ တန်း နှစ်ခါ ကျဖူးတယ်၊ ညကျောင်းတက်ပြီး ပြန်ကြိုးစားဖြေတော့ ဂုဏ်ထူးသုံးဘာသာနဲ့အောင်တယ်၊ ၁၀ တန်းကျတဲ့ကလေးတွေကို ကိုယ်ချင်းစာ စိတ်နဲ့အောင်စေချင်တယ်၊ ဒါကြောင့် ၂၀၁၅ ခုနှစ် ကနေ ၂၀၁၉ ခုနှစ်အထိ ဒီအထက(၁)မှာ ညပိုင်းအချိန်ယူဖွင့်လှစ်ပြီး ကျွန်မတို့သင်ခဲ့တယ်။ ဒီလုပ်ငန်းအတွက် ကျွန်မကားတွေ၊ အိမ်တွေကိုတောင် ရောင်းခဲ့တာ၊ အခုကျွန်မတို့သင်ပေး တဲ့တပည့်တွေထဲမှာ ဆရာဝန် ၂၃ ယောက်ဖြစ်ခဲ့ပြီ၊ ၄၃ ယောက်က ဆေးတက္ကသိုလ်တက်နေဆဲ၊ တချို့က ကျွန်မတို့ရဲ့ပညာဒါနအတွက် အလှူငွေကျပ်သိန်း ၁၀၀၊ သိန်း ၂၀၀ လှူချင်ကြတယ်၊ ကျွန်မလက်မခံပါဘူး၊ လှူချင်ရင်  လက်ရှိဆေးတက္ကသိုလ်တက်နေတဲ့ ကလေးတွေကို လစဉ်ကျပ်တစ်သိန်း၊ ဒါမှမဟုတ် နှစ်သိန်းထောက်ပံ့တာမျိုးပဲ လုပ်စေခဲ့တယ်၊ ဒီလိုပညာဒါန ပရဟိတလုပ်ငန်းတွေလုပ်ခဲ့လို့ အမျိုးသမီး စွမ်းဆောင်ရှင်ဆုလည်းရခဲ့ပြီ၊ ရခိုင်ယဉ်ကျေးမှု အဖွဲ့ကချီးမြှင့်တဲ့ ရခိုင့်တံခွန် ဆုတံဆိပ်လည်းရခဲ့ပြီ…။

အစ်မကြီးဒေါက်တာကျော့သာစိန် ပြောသွားသည့်အထဲတွင် ၂၀၂၁-၂၀၂၂ စာသင်နှစ်တုန်းက ၁၀ တန်းဝင်ဖြေသည့်အထဲတွင် ကိုးနှစ်၊ ၁၀ နှစ် လောက်ကျခဲ့သူ နှစ်ဦးတောင် အောင်သွားသည့် အကြောင်းပါလာသဖြင့် ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် အထကခေါင်လန်ဖူးကျောင်းကို ပြေး၍မြင်ယောင်မိ၏။ အထက ခေါင်လန်ဖူး၊ အထကဇန်ယော့၊ အထကရှိန်းခေါင် ကျောင်းများတွင် ၁၀ တန်းမအောင်သည်မှာ ၁၀ နှစ် ခန့်ရှိပြီဖြစ်၍ ဘဲဥကွဲအောင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီခဲ့ဖူးသည်။ နှစ်ယောက်စအောင်သည်၊ ပြီးခဲ့သည့်နှစ်က ခြောက်ယောက်အောင်သည်။ ဒေါက်တာကျော့သာစိန်နှင့် စကားပြောရင်း စိတ်က ခေါင်လန်ဖူးအထိ ရောက်သွားရသော စစ်တွေ အထက(၂)မှ အတွေးစများ။

အထက(၄)သို့ရောက်ခဲ့သည်

အထက(၁)မှ အထက(၄)သို့ သွားရောက်ခဲ့ကြသည်။ အထက(၄) သုံးထပ်စာသင်ဆောင်ကြီးတွင် Grade - 12 STEAMS-2 မှာ အတန်းဝင်နေသည့် ဒေါက်တာခိုင်မျိုးသူ၏  သင်ကြားမှုကို လေ့လာကြည့်ရှုဖြစ်ခဲ့သည်။ အထက(၄)ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုရင်း သတိထားမိသည်ကတော့ ၁၈၉၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့သော နှစ်ထပ် စာသင်ဆောင်တစ်ဆောင်ကို တွေ့ခဲ့ခြင်းပင်။ အင်္ဂလိပ်ခေတ်ကကျောင်းဖြစ်ပြီး ကျောင်းတိုင်ကြီးများမှာ ကြီးမားထည်ဝါသည်။ နှစ်ပေါင်း ၁၃၃ နှစ်ရှိ ကျောင်းဆောင်တစ်ဆောင်ဖြစ်၍  ငေးမောကြည့်ရှု ဖြစ်ခဲ့သည်။

ထူးထူးခြားခြားတွေ့ခဲ့ရသည်များ

အထက(၄)မှ အမှတ်(၁၅) မူလွန်ကျောင်း၊ ၎င်းနောက် ကျောင်းတက်လမ်းရပ်ကွက်ရှိ မူလွန် ကျောင်းများသို့လည်း ဝင်ရောက်အားပေးကြည့်ရှုခဲ့ကြသည်။ ထိုမှ အထက(၂)စစ်တွေကျောင်းသို့ ရောက်ခဲ့ကြ၏။ အထက(၂)အဝင်ဆိုင်းဘုတ်ကို မြင်လိုက်ကတည်းက စိတ်ဝင်စားစရာ စ၍တွေ့ရ သည်။ ကျောင်းဆိုင်းဘုတ်အလှူရှင်သည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌ ခြောက်ဘာသာဂုဏ်ထူးရှင် မစောယုနွယ်နီဟု ရေးထိုးထားခြင်းဖြစ်သည်။ ကျွန်တော်တို့ငယ်ငယ်ကလည်း  စာတော်သော အစ်ကိုများ၊ အစ်မများကို အားကျဖူး၏။ လူရည်ချွန် ဖြစ်ခဲ့သူများကို အားကျခဲ့ဖူး၏။ မောင်ငယ်၊ ညီမငယ်များအတွက် စောယုနွယ်နီသည် စံပြဖြစ်နေပါလိမ့်မည်။ ကျောင်းအဝင်ဝတွင်လည်း မာတာပိတုဂုဏော အနန္တော၊ အာစရိယဂုဏော အနန္တောဟု ရေးသားထားသေးသည်။ မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးကြီးမားပုံကို အမြဲအောက်မေ့သတိရစေရန် ဖြစ်ပေလိမ့်မည်။ အထက(၂)ကျောင်းဝင်းထဲမှာပင် နောက်ထပ်ထူးထူးခြားခြားတစ်ခုကို တွေ့မြင်ခဲ့ရသေး၏။ အခြားမဟုတ်ပါ။ နှစ်ပေါင်းများစွာ အိုမင်းနေပြီဖြစ်သော  ကျောင်းဆောင်ဟောင်း တစ်ဆောင်တွင် ဆေးလည်းမသုတ်၊ ပြင်ဆင်ခြင်း လည်းပြုမထားသည့် အခန်းငယ်တစ်ခုရှိနေခြင်းပင်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာက အင်္ဂလိပ်လူမျိုး ကျောင်းအုပ်ကြီးတစ်ဦး နေထိုင်ကွယ်လွန်ခဲ့သော ရုံးခန်းဖြစ်သည်ဆို၏။ အထက(၂)ကျောင်းရှေ့ တန်းစီကွင်းနေရာသည် ညီညာပြန့်ပြူးမှုမရှိ၊ မြေထိုး မြေညှိပြုလုပ်ပြီး ကွန်ကရစ်ခင်း တန်းစီကွင်းဖြစ်လာစေရန် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ကျောင်းများ ဆက်လက်ပြင်ဆင်တည်ဆောက်ပေးမည်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဇွန်လ ၁ ရက်နေ့ ကျောင်းများဖွင့်လှစ်ချိန်တွင် အချိန်မီဖွင့်လှစ် နိုင်ရေးအတွက် ပျက်စီးသွားသော အမိုးအကာများအား ပြန်လည်ပြုပြင်ကြသည်။ ကျောင်းဆိုင်းဘုတ်၊ အလံတိုင်များမှအစ ကျောင်းခြံစည်းရိုးပြိုကျမှုများ အပါအဝင် ရက်ပိုင်းအတွင်း ပြုပြင်နိုင်သမျှကို အချိန်လု၍ ပြင်ဆင်ခဲ့ကြသည်။ အဆောင်လိုက် ပြိုကျပျက်စီးမှုများကိုမူ ရန်ပုံငွေ လျာထားဆောင်ရွက်ရမည်။ သည့်အတွက် ကျောင်းဆောင်အခက်အခဲရှိလျှင် အချိန်ခွဲ၍ သင်ကြားပေးခြင်း၊ ယာယီဖွင့်လှစ် သင်ကြားနိုင်မည့်နေရာများဖြစ်သည့် ကျေးရွာ စာကြည့်တိုက်၊ စုဝေးခန်းမ စသည်တို့၌ သင်ကြားပေးခြင်းတို့ကို ကြိုတင်စီမံဆောင်ရွက်ထားပြီးဖြစ်သည်။ ယာယီစာသင်ဆောင်အတွက် မြောက်ဦး မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တည်ဆောက်ပေးထားသော မြစိမ်းရောင်စီမံကိန်းစုဝေးခန်းမဆောင်တစ်ခု ပါဝင်နေ ကြောင်း တွေ့ရသည်။

အခြေခံပညာကျောင်းများ ပြန်လည်ပြုပြင် ပြီးစီးမှု၊ ပြုပြင်ဆဲနှင့် ပြုပြင်ရန် ကျန်အခြေအနေမှာ အထကကျောင်း ၄၈၇ ကျောင်းရှိသည့်အနက် ၂၈၄ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ ၄၉ ကျောင်း ပြုပြင်ပြီးစီးခဲ့ပြီး ၂၃၅ ကျောင်းပြုပြင်ဆဲဖြစ်သည်။ အလကကျောင်း ၁၁၇၁ ကျောင်းရှိသည့်အနက် ၅၉၃ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ ၄၇ ကျောင်း ပြုပြင်ပြီးစီးခဲ့ပြီး ၄၆၁ ကျောင်းပြုပြင်ဆဲဖြစ်သည်။ ပြုပြင်ရန် ကျန် ၈၅ ကျောင်းဖြစ်သည်။ မူလတန်း ကျောင်း ၁၅၃၅ ကျောင်းရှိသည့်အနက် ၅၀၇ ကျောင်း ထိခိုက်ပျက်စီးခဲ့ရာ ပြုပြင်ပြီး ၆၀၊ ပြုပြင်ဆဲ ၃၄၇ ကျောင်း၊ ပြုပြင်ရန်ကျန် ၁၀၀ ဖြစ်သည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်အတွင်း အခြေခံ ကျောင်းအားလုံးကို ခြုံငုံကြည့်ပါက ကျောင်းပေါင်း ၃၁၉၃ ကျောင်းရှိရာ ထိခိုက်ပျက်စီးသည့်ကျောင်း ၁၃၈၄  ကျောင်း၊ ပြုပြင်ပြီး ၁၅၆ ကျောင်း၊ ပြုပြင်ဆဲ ၁၀၄၃ ကျောင်း၊ ပြုပြင်ရန် ကျန် ၁၈၅ ကျောင်း ဖြစ်သည်။

ကျောင်းအပ်နှံပြီးစီးမှုအခြေအနေ

ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်၌ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံပြီးစီးမှုအခြေအနေမှာ အထက်တန်း ၄၇၇၈၃ ဦး၊ အလယ်တန်း ၉၄၉၇၄ ဦး၊ မူလတန်း ၂၉၄၄၉၆ ဦး စုစုပေါင်း ၄၃၇၂၅၃ ဦးဖြစ်သည်။ ပြီးခဲ့သည့်နှစ်၌ ရခိုင်ပြည်နယ်သည် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ၄၇ ရာခိုင်နှုန်းဖြင့် အောင်မြင်မှုသရဖူဆောင်းခဲ့ကြောင်း သိရသည်။ ယခုများမကြာမီအချိန်၌လည်း သားငယ် သမီးငယ်များ၏ အောင်မြင်မှုသတင်းကောင်းများကို ကြားရလိမ့်မည်ဟု ယုံကြည်ပါသည်။ ဝတီလေးရပ်လုံးလည်း အေးချမ်းသာယာရှိကြပါစေ။  ။

(ဆက်လက်ဖော်ပြပါမည်)