မိုးကောင်းမြို့နယ်၌ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူအား သေဒဏ်ချမှတ်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စုတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား သက်ငယ်မုဒိမ်းမှုကျူးလွန်ကာ သတ်ဖြတ်ခဲ့သူ နှစ်ဦးအနက် တစ်ဦးအား ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက မိုးညှင်းခရိုင်တရားရုံးမှ သေဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်အကျဉ်းမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ညောင်ထောက်ကလေးကျေးရွာ အောင်မင်္ဂလာ အခြေခံပညာ မူလတန်းကျောင်း၌ ပညာသင်ကြားနေသည့် အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ မ….. (၁၀)နှစ်သည် ထင်းခွေသွားရာမှ ပြန်ရောက်မလာသဖြင့် ရေရှင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လိုက်လံရှာဖွရာ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ဖြစ်စဉ်အား မိုးကောင်းမြို့မ ရဲစခန်းသို့ အကြောင်းကြား စုံစမ်းဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ မုဒိမ်းမှုနှင့် လူသတ်မှု ကျူးလွန်သူမှာ မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာနေ ခင်မောင်ဌေး (ခ) မောင်ဌေး (၃၇)နှစ်နှင့် အောင်မင်္ဂလာကျေးရွာနေ ဦးမောင်ရီ (၅၈)နှစ်တို့ နှစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ၎င်းတို့နှစ်ဦးအား မိုးညှင်းအကျဉ်းထောင်သို့ လွှဲပြောင်းခဲ့သည်။

 

မိုးညှင်းအကျဉ်းထောင် အချုပ်ခန်းတွင် နေစဉ်အတွင်း ခင်မောင်ဌေး (ခ) မောင်ဌေး (၃၇)နှစ်မှာ ၂၀၁၈ ခုနှစ် မတ်လ ၆ ရက်က မိမိကိုယ်ကို ကြိုးဆွဲချသေဆုံးခဲ့ပြီး ကျန်ရှိသည့် ဦးမောင်ရီ (၅၈)နှစ်အား ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက မိုးညှင်းခရိုင်တရားရုံးတွင် ပြစ်မှုထင်ရှားသဖြင့် သေဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)