မိုဒီရဲ့တောင်းပန်မှု၊ ဩစတြေးလျရဲ့ လူနှစ်ဦးအထိလျှော့ချကန့်သတ်မှုနဲ့အတူ အာရှရဲ့ COVID-19 ကပ်ရောဂါအခြေအနေ

၃၁  မတ်

COVID-19 ကပ်ရောဂါဟာ ကြောက်စရာအရှိန်အဟုန်နဲ့ ကမ္ဘာတစ်လွှား ကူးစက်ပျံ့နှံ့နေပါတယ်။ COVID-19 ကပ်ရောဂါကို သက်ဆိုင်ရာ တိုင်းနိုင်ငံ အသီးသီးမှာရှိတဲ့ အစိုးရတွေကလည်း အပြင်းအထန်တားဆီးထိန်းချုပ်ဖို့ စီမံချက်တွေ၊ မူဝါဒတွေချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ အာရှတစ်လွှားမှာလည်း COVID-19 ကပ်ရောဂါကိုကာကွယ်ထိန်းချုပ်ဖို့ အကောင်းဆုံးကြိုးစားနေကြတာ တွေ့ရပါတယ်။ ယခုတစ်ခါ COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး အာရှတစ်လွှားမှာ နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဖော်ပြလိုက်ပါတယ်။

အိန္ဒိယရဲ့ COVID-19

COVID-19 ကပ်ရောဂါကိုထိန်းချုပ်ရန် လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံကို ၂၁ ရက်ကြာ အသွားအလာကန့်သတ်ထိန်းချုပ်လိုက်ခြင်းကြောင့် ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်လက်မဲ့ဖြစ်စေပြီး ခြူးတစ်ပြားမရှိတဲ့ဘဝတွေဖြစ်စေတဲ့အတွက် ဒီအရေးနဲ့ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီက သူ့နိုင်ငံသားတွေကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံသားတွေအနေနဲ့ မိမိကို ခွင့်လွှတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံသားတွေနဲ့ မသင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း တစ်ခါတစ်ရံမှာ ချမှတ်ရကြောင်း၊ အထူးသဖြင့် ဆင်းရဲသားညီအစ်ကို မောင်နှမများအတွက် စိတ်မကောင်းဖြစ်မိကြောင်း အပတ်စဉ်ရေဒီယို မိန့်ခွန်းမှာပြောကြားခဲ့ပါ တယ်။ ဒီလိုမှမလုပ်ရင်လည်း COVID-19 ကပ်ရောဂါကိုတိုက်ဖျက်ဖို့ တခြား နည်းလမ်းမရှိတော့ကြောင်း ၎င်းကဆက်လက်ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ဒေလီမြို့တော်ဝန်ကြီးချုပ် အာဗင့်ကတ်ဂ်ျရီဝယ်က ကျေးလက်ဒေသ ရွှေ့ပြောင်း လုပ်သားတွေကို အခုလို ၂၁ ရက်ကြာ အသွားအလာ ကန့်သတ်လိုက်တဲ့အချိန်မှာ မိမိတို့ရဲ့အိမ်တွေကို မပြန်ကြဘဲ ကိုယ်ရှိတဲ့နေရာမှာပဲ နေထိုင်ကြဖို့၊ ဘာဖြစ်လို့လဲဆိုရင် COVID-19 ကပ်ရောဂါဟာ လူအုပ်ကြီးနဲ့သွားလာလှုပ်ရှားမှုမှာ ပိုမိုပျံ့နှံ့လွယ်တဲ့အတွက် အန္တရာယ်ကိုဖိတ်ခေါ်နေသလိုဖြစ်ကြောင်း သူက တွစ်တာမှာ ပြောကြားလိုက်ပါတယ်။ ထို့အတူပဲ ဗဟိုအစိုးရက COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့ မှုကို လျှော့ချဖို့ တိုင်းဒေသကြီးနဲ့ နယ်ပယ်များအားလုံးကို အသွားအလာတွေ ကန့်သတ်ဖို့လည်း ညွှန်ကြားချက်များ ထုတ်ပြန်ထားပါတယ်။ ကျေးလက်ဒေသရွှေ့ပြောင်းလုပ်သားတွေကိုလည်း ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်။

စင်ကာပူရဲ့ COVID-19

စင်ကာပူနိုင်ငံကလည်း သူ့ရဲ့သတ်မှတ်ထားတဲ့ အသွားအလာကန့်သတ် စောင့်ကြည့်မှုအတွင်း နိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို ငြင်းဆန်ထားပါတယ်။ အခုနောက်ဆုံး စင်ကာပူနိုင်ငံမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေတောင် ထုတ်ပြန်ထားပြီး မလိုက်နာတဲ့သူ တွေကိုလည်း သက်ဆိုင်ရာ ဥပဒေများနဲ့အညီ အရေးယူသွားမယ်လို့လည်း ဆိုထားပါတယ်။ အသက် ၅၄နှစ်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက ပြန်လာတဲ့ စင်ကာပူနိုင်ငံသား တစ်ဦးကိုလည်း ၁၄ ရက်ကြာ သီးသန့်စောင့်ကြည့်မှုတွေ လုပ်ဆောင်လျက် ရှိပါတယ်။ စင်ကာပူနိုင်ငံမှာလည်း COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကိုကာကွယ်တဲ့နေရာမှာ တစ်ဦးက တစ်ဦးကို ရည်ရွယ်ချက်ရှိရှိ အနားကပ်ရပ်နေပါက ထောင်ဒဏ်ခြောက်လချမှတ်နိုင်တဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း ပါဝင်သလို ငွေဒဏ်လည်း အရိုက်ခံရမှာဖြစ်ပါတယ်။

ဩစတြေးလျရဲ့ COVID-19

ဩစတြေးလျနိုင်ငံမှာလည်း အများဆုံး လူ ၁၀ ယောက်စုစည်းခွင့်ကနေ တနင်္လာနေ့ကစပြီး လူနှစ်ယောက်တစ်တွဲအထိ လျှော့ချလိုက်ပါတယ်။ ထို့အတူ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကစားကွင်းတွေ၊ အားကစားခန်းမတွေ၊ စကိတ်ကွင်းတွေကိုလည်း ပိတ်လိုက်ပါတယ်။ ထို့အတူ အသက် ၇၀ ကျော်သူတွေ၊ ရောဂါအခံရှိတဲ့ အသက် ၅၀ ကျော်သူတွေကို အိမ်မှာပဲ သီးသန့်နေထိုင်ဖို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က အကြံပေးထားပါတယ်။ ဇိမ်ခံသင်္ဘောစီး ခရီးသည်တွေ ဩစတြေးလျအနောက်ဘက် ကမ်းရိုးတန်းကမ်းလွန်မှာ ရက်အတော်ကြာကြာသောင်တင်နေပြီး ဂျာမနီကိုပြန်မယ့်အချိန်မှာ ဝန်ကြီး ချုပ်အနေနဲ့ သူ့နိုင်ငံက အသက်ကြီးသူတွေကို အခုလိုမျိုးအကြံပေးခဲ့တာ ဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံမှာ COVID-19 ကပ်ရောဂါ အတည်ပြုလူနာပေါင်း ၄၀၀၀ နီးပါးရှိပြီး ၁၆ ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ဖော်ပြခဲ့သလို နယူးဇီလန် နိုင်ငံမှာလည်း COVID-19 ကပ်ရောဂါကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် ပြည်တွင်းမှာ COVID-19 နဲ့ နှီးနွှယ်တဲ့ မိသားစုတစ်စု အကြမ်းဖက်ခံရပြီးနောက်မှာ အဲဒီလို မျိုးအခြေအနေတွေကနေကာကွယ်ဖို့ ရန်ပုံငွေအမေရိကန်ဒေါ်လာသန်း ၁၀၀ နီးပါး ထည့်ဝင်ခဲ့ပါတယ်။ COVID-19 နဲ့ နှီးနွှယ်တဲ့သူတွေ ပြည်တွင်းမှာ အကြမ်းဖက်ခံရတဲ့အခြေအနေက ကာကွယ်ပေးနေတဲ့ ကမ္ဘာတစ်ဝန်းက အဖွဲ့အစည်းတွေကလည်း COVID-19 ကပ်ရောဂါအလျင်အမြန်ကူးစက်ပျံ့ နှံ့လာတဲ့အပေါ် စိုးရိမ်နေကြပါတယ်။ ထို့အတူ COVID-19 ကပ်ရောဂါကို ကာကွယ်ဖို့ လူများသီးသန့်ခွဲခြားထားခြင်းကလည်း ဝေဒနာသည်တွေအတွက် ဖိအားတွေ ပိုမိုဖြစ်ပေါ်စေပါတယ်။

တရုတ်ရဲ့ COVID-19

တရုတ်နိုင်ငံမှာလည်း တနင်္ဂနွေနေ့က COVID-19 အသစ်ထပ်မံကူးစက်ခံရသူပေါင်း ၄၅ ဦးရှိလာကြောင်း သတင်းဖော်ပြခဲ့ပါတယ်။ သို့သော်လည်း သူတို့ထဲက တစ်ဦးကတော့ နိုင်ငံခြားတိုင်းပြည်က ပြန်လာသူတစ်ဦး ဖြစ်ပါတယ်။ အဲဒီပမာဏဟာ အရင်ရက်တွေကဖြစ်ပွားခဲ့တဲ့ ပြည်ပမှ ပြန်လည်ရောက်ရှိလာကာ COVID-19 ကူးစက်ခံရသူပေါင်း ၅၄ ဦးနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် မပြောပလောက်တော့ပါဘူး။ တရုတ်နိုင်ငံဟာ COVID-19 ကူးစက် ပြန့်ပွားမှုကို ပြည်တွင်းမှာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သလို ယခုအခါမှာလည်း ပြည်ပမှ ပြန်လည်ရောက်ရှိလာကာ COVID-19 ကူးစက်ခံရသူတွေကို အလားတူ ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။ ယခုရက်သတ္တပတ်မှာ တရုတ်နိုင်ငံဟာ သူ့ရဲ့နိုင်ငံတကာလေကြောင်းလိုင်းတွေကို လျှော့ချဖြတ် တောက်လိုက်သလို နိုင်ငံခြားသား ပြည်ပမှ ပြန်လည်ရောက်ရှိလာသူတွေကိုလည်း စနေနေ့ကစပြီး တားမြစ်သွားတော့မယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါ တယ်။

သီရိလင်္ကာရဲ့ COVID-19

သီရိလင်္ကာနိုင်ငံမှာလည်း လေကြောင်းလိုင်းတွေက ဝင်ရောက်လာတဲ့ခရီးသွားတွေအကုန်လုံးကို နောက်ထပ် ရက်သတ္တပတ် ဧပြီ ၇ ရက်အထိ ထပ်မံတိုးမြှင့်ပိတ်ပင် တားဆီးသွားမယ်လို့ ပြောပါတယ်။ သို့သော်လည်း နိုင်ငံရဲ့ အဓိကလေဆိပ်ကိုတော့ နိုင်ငံမှထွက်ခွာမယ့်သူတွေအတွက် ဆက်လက်ဖွင့်လှစ်ထားမယ်လို့ ဆိုပါတယ်။ ကျွန်းနိုင်ငံလေးတစ်နိုင်ငံဖြစ်တဲ့ သီရိလင်္ကာနိုင်ငံမှာ စနေနေ့ညက COVID-19 ကပ်ရောဂါကြောင့် သေဆုံး သူတစ်ဦးရှိခဲ့ကြောင်း သတင်းထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ COVID-19

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း နောက်ထပ် COVID-19 ရောဂါကူးစက်ခံထားရသူ တစ်ဦးတစ်ယောက်မျှ မတွေ့ရသေးဘူးလို့ ရောဂါထိန်းချုပ်ရေးဆိုင်ရာ အကြီးအကဲမာဂျာဒီဆာဘရီနာဖလော်ရာ က ပြောပါတယ်။ ယခုလိုမျိုး COVID-19 ရောဂါထပ်မံမတွေ့ခြင်းဟာ ဒုတိယမြောက်ရက်ထဲ ဝင်ရောက်လာခဲ့သော်လည်း ယခင်က COVID-19 အတည်ပြု လူနာ ၄၈ ဦးရှိကာ ငါးဦးသေဆုံးခဲ့ပါတယ်။

ဖိလစ်ပိုင်ရဲ့ COVID-19

ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ထပ်မံတွေ့ရှိသူဦးရေသည် တနင်္ဂနွေနေ့က ၃၄၃ ဦးရှိခဲ့ပြီး တစ်နေ့တည်းကိုပဲ COVID-19 တွေ့ရှိသူ အများအပြား တိုးပွားလာခြင်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ယခုအချိန်အထိ COVID-19 အတည်ပြုလူနာပေါင်း ၁၄၁၈ ဦးအထိရှိပြီး ၇၁ ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။ ယခုလိုမျိုး COVID-19 ရောဂါပိုးတွေ့ရှိသူ ရုတ်တရက် မြင့်တက်သွားခြင်းသည် နိုင်ငံခြားမှ ဝင်ရောက်လာသည့် အသုံးအဆောင်ပစ္စည်း ကိရိယာများကြောင့်ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်လက်ပြောကြားပါတယ်။

အခုဆိုရင် COVID-19 ရောဂါဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လာတဲ့ အနေအထား ရောက်နေပါတယ်။ ပြည်သူတွေကလည်း သက်ဆိုင်ရာဌာနတွေရဲ့ သတင်းထုတ်ပြန်ကြေညာချက်တွေ အတိအကျလိုက်နာခြင်းဖြင့် COVID-19 ရောဂါကို အကောင်းဆုံး ရင်ဆိုင်တွန်းလှန်သွားနိုင်ကြရမှာပဲ ဖြစ်ပါတယ်။ ။

ထွန်းသစ်စ

ကိုးကား -အေအက်ဖ်ပီ