မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်မည့် တောင်သူများအတွက် ဧရာမင်းစပါးမျိုးသန့် တင်း ၅၀ အခမဲ့ ထောက်ပံ့ပေးအပ်

မင်းဘူး ဇွန် ၂၉

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ တောင်မန်းကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်ပြီး ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျွေးရွာ (IHTDV) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါကျေးရွာမှ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်မည့် ဒေသခံ စပါးစိုက်တောင်သူများအတွက် ဧရာမင်းစပါးမျိုးသန့်(RS) တင်း ၅၀ ကို ဇွန် ၂၈ ရက် နံနက်ပိုင်းက တောင်မန်းကျေးရွာရှိ ဘုန်တော်ကြီးကျောင်း ဓမ္မာရုံ၌ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့သည်။

 

စပါးမျိုးထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းတို့က တောင်မန်းကျေးရွာမှ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် မိုးစပါး မျိုးသန့်မျိုးပွားများကို စိုက်ပျိုးထုတ်လုပ်နိုင်စေရေးအတွက် တောင်သူအသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး တာဝန်ရှိသူများက ဒေသခံတောင်သူများထံ ဧရာမင်းမျိုးစပါးများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

မင်းဘူး(စကု)မြို့နယ် တောင်မန်းကျေးရွာ၌ စပါးစိုက်တောင်သူများ ယခုနှစ် မိုးစပါးစိုက်ပျိုး ရာသီတွင် မိုးစပါး မျိုးသန့်မျိုးပွား မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ထုတ်စိုက်ခင်း ဆောင်ရွက်မည့် စပါးစိုက်တောင်သူ ၁၆ ဦးအား စိစစ်ရွေးချယ်ပြီး မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း ဧက ၅၀ အတွက် တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် ဧရာမင်းစပါး မျိုးသန့်မျိုးပွား (RS) တင်း ၅၀ ကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းထံမှ သိရသည်။

 

မောင်မောင်(မင်းဘူး)